တပ်မတော် ဝတ်စုံသစ်ကို သရော်သူ NLD အဖွဲ့ဝင် ဖမ်းဆီးခံရ


2015.10.13
chawsanditun-620.jpg NLD အဖွဲ့ဝင် မချောစန္ဒီထွန်း ကိုတွေ့ရစဉ်
ဓါတ်ပုံ - ချောစန္ဒီထွန်း (facebook)

တပ်မတော်ဝတ်စုံတွေ အရောင်ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို အင်တာနက် ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မအူပင်မြို့ခံ မချောစန္ဒီထွန်း ဆိုသူ NLD အဖွဲ့ဝင်တစ်ဦးကို အီလက်ထရောနစ်အက် ဥပဒေနဲ့ မနေ့က ဖမ်းဆီးလိုက်ပြီး မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

မအူပင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီး မအူပင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ မအူပင်ခရိုင် တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် မမေသဇင်နှင်းက ပြောပါတယ်။

"သူ့ကို ၃၄(က) နဲ့ပဲ စွဲထားတယ်လို့ သိရတယ်၊ ပုသိမ်မြို့မှာလေ အနောက်ပိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူး ကြီး ကျော်ထင် က တရားစွဲတာရှင့်၊ ၂၇ ရက်နေ့ကို ရုံးပြန်ချိန်းပြီးတော့ သူ့ကိုအခု မအူပင်ထောင်ကို ပို့လိုက်တယ်"

သရော်စာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဓါတ်ပုံကို ချောစန္ဒီထွန်း(ချစ်သမီး)ဆိုတဲ့ အကောင့်ကနေ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပြီး မနေ့ညက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ဓမ္မဇောတိ တရားစခန်းကို ရောက်ရှိနေစဉ် မအူပင်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

မချောစန္ဒီထွန်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုလုပ်ပြီး မအူပင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မချောစန္ဒီထွန်းဟာ မအူပင်ခရိုင်ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ဖူးသလို၊ လက်ရှိမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့မိတ်ဆွေရင်းဖြစ်သူ မမေသဇင်နှင်းက အတည်ပြုပြောပါတယ်။ မချောစန္ဒီထွန်းကို မအူပင်မြို့နယ်တရားရုံးမှာ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

မမေသဇင်နှင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။