တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း
2014.08.15

မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်သူတွေ ရဲ့ မြေဈေးကစားမှုတွေကြောင့် မြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေကြောင်းနဲ့ ငွေကြေးဖောင်းပွမှု အန္တရာယ်တွေ ကြုံတွေ့လာနိုင်ကြောင်း၊ ဆင်းရဲနွမ်းပါး သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက် သွားဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီနေ့ ပြောကြားခဲ့ပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာမှာ ဒီနေ့ ကျင်းပတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။
မြို့ပြကျေးရွာ ဖံ့ွဖြိုးတိုးတက်ရေး စီမံကိန်းတွေရေးဆွဲ ရာမှာ ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်း အိမ်ယာစီမံကိန်းတွေနဲ့ မြေယာမဲ့ပြည်သူတွေ ကို နေရာချထားပေးဖို့အတွက် စီမံကိန်းတွေ ထည့်သွင်းရေးဆွဲပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မြို့ပြကျေးရွာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြေတန်ဖိုးသတ်မှတ်မှု မူဝါဒ ဆွေးနွေးပွဲ၊ နယ်မြေဒေသဖွံ့ဖြိုးရေးစီမံကိန်းဆွေးနွေးပွဲ၊ မြေစီမံခန့်ခွဲမှုဆွေးနွေးပွဲ၊ မြေအရင်းအမြစ် ဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ ပြည်သူများလိုအပ်ချက်ဖြည့်ဆည်းရေး ဆွေးနွေးပွဲ၊ သစ်တောဦးစီးဌာန နဲ့ မြေအရင်းအမြစ်ဆိုင်ရာဥပဒေများဆွေးနွေးပွဲစတဲ့ ခေါင်းစဉ်တွေနဲ့ ပြည်တွင်း ပြည်ပက ပညာရှင်တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန တာဝန်ရှိသူ တွေက ဆွေးနွေးကြမှာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင် ပါတယ်။