ချယ်ရီ FM ကို ပြန်ကြားရေး ဝန်ကြီး ပြန်လည်ထုတ်လွှင့်ခွင့်ပြု
2015.08.19

ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်တဲ့ ချယ်ရီ FM အသံလွှင့်လုပ်ငန်းတွေကို ဒီနေ့ ညနေ ၆ နာရီ ကစပြီး ပြန်လည်ထုတ်လွှင့်ခွင့်ရရှိခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးနဲ့ ချယ်ရီ FM အသံလွှင့်ဌာန တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူချက်ရရှိခဲ့တာဖြစ်ပါတယ်။ အသံလွှင့်ဌာနတစ်ခုအနေနဲ့ ဘက်မလိုက်ဘဲ သတင်းမီဒီယာကျင့်ဝတ်တွေကို လိုက်နာမှာဖြစ်ကြောင်း သဘောတူတာကြောင့် အခုလိုထုတ်လွှင့်ခွင့်ရတာလို့ ချယ်ရီ FM အသံလွှင့်ဌာန အထွေထွေ မန်နေဂျာ ဦးသန်းထွေးဇော်က ပြောပါတယ်။
"ဒီနေ့ညနေ ၆ နာရီမှာ ချယ်ရီ FM အစီအစဉ်တွေကို နားထောင်လို့ရပါပြီ၊ ကျနော်တို့ဘက်ကတော့ ကျင့်ဝတ် ဆိုင်ရာတွေကို လိုက်နာရမှာလေးတွေကို ဆွေးနွေးပါတယ်၊ လိုက်နာသင့်တဲ့အချက်တွေဖြစ်တဲ့အတွက် ဒါကိုလည်း ကျနော်တို့လက်ခံပါတယ်၊ ၃ လ ရပ်နားတာတွေတော့ ပျက်ပြယ်သွားပြီပေါ့နော်၊ ကျနော်တို့ အရင်ပုံစံတိုင်းပဲ ကျနော်တို့ဆောင်ရွက်သွားမှာပါ"
ချယ်ရီ FM အသံလွှင့်ဌာနဟာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွေမန်းရဲ့ သားဖြစ်သူ ဦးတိုနိုင်မန်းရဲ့ ဇနီးပိုင်ဆိုင် တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အကြောင်းအရာတွေ မထုတ်လွှင့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေ မလုပ်ဖို့ဆိုတဲ့ အချက် ၂ ချက်ကို တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။
သူရဦးရွှေမန်းကို ပါတီ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားပြီးနောက်မှာ ချယ်ရီ FM အသံလွင့်ဌာနက အစီအစဉ်တွေကို ထုတ်လွှင့်လို့မရတော့တာဖြစ်ပါတယ်။