သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်အမှု စတင်စစ်ဆေး
2021.12.02

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက် ကို စစ်ကောင်စီက အရေးယူထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အမှုနဲ့ ပတ်သက်လို့ နေပြည်တော် အချုပ်ထောင် တွင်း တရားရုံးမှာ တရားလိုကို ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြော ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ ဒုရဲမှူး ဇော်ဝင်းထွန်းကို စစ်ဆေးခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
ဒုရဲအုပ် ချယ်ရီထက် ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ သူဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက NLD ပါတီရဲ့ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနဲ့ ဆက်သွယ်ပြီး ဒေါ်သီရိရတနာက တောတွင်းစခန်းချနေမှုတွေ၊ လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံတွေ နဲ့ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေကို အပြန်အလှန်ပေးတာတွေပြုလုပ်လို့ အမှုဖွင့်လိုက်တာလို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာလက ထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် ချယ်ရီထက်က လူမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့ မတ်လအတွင်းမှာ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “လွမ်းလိုက်တာအမေ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း အဲဒီထုတ်ပြန် ချက်မှာ ပါရှိပါတယ်။
ချယ်ရီထက်ရဲ့ တရားဝင်အသုံးပြုတဲ့ CherryHtet အကောင့်မှာတော့ မတ်လ ၃ ရက်နေ့က အကောင့်ရဲ့ ပရိုဖိုင်ဓာတ်ပုံနေရာမှာ အနက်ရောင်ပုံတင်ထားတာကလွဲလို့ နောက်ပိုင်း စာသားတင်တာ၊ စာသားမျှဝေတာ ကိုတော့ မတွေ့ရပါဘူး။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရပြီးနောက် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူချိန်မှာ သူ့အတွက် သက်တော်စောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဌာနက ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့သူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။