ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို ချက်သမ္မတနိုင်ငံက ကူညီဖို့ ပန်ကြား
2013.09.17
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပိုပြီးခရီးရောက်အောင် ချက်သမ္မတနိုင်ငံအနေနဲ့ ပံ့ပိုးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားလိုက်ပါတယ်။ Forum 2000 ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့တာပါ။
ချက်သမ္မတနိုင်ငံ ပရပ်မြို့ကို လာရောက်လည်ပတ်ခဲ့ရတဲ့ အဓိကအကြောင်းတွေထဲက တစ်ကြောင်းဖြစ်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အခုအခါ မြန်မာနိုင်ငံဟာ လက်ရှိချက်သမ္မတနိုင်ငံရဲ့ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က အခြေအနေမျိုးနဲ့ တူညီနေကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံလျှောက်ရမယ့်လမ်းကြောင်းက ပိုပြီးခက်ခဲကြမ်းတမ်းကြောင်း၊ ဘာကြောင့်လဲဆိုတော့ အာဏာသုံးအုပ်ချုပ်ရေးကနေ အသွင်ပြောင်းလဲနေရတဲ့အပြင် တိုင်းရင်းသားလူမျိုးစု ပြဿနာတွေပါ ရှိနေတဲ့အတွက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ဖို့ဆိုရင် အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲမှာဖြစ်ပါမယ်၊ လက်ရှိအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့အပြင် တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးမထားတဲ့အတွက် တိုင်းရင်းသားပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်အမတ် လေးပုံသုံးပုံရဲ့ ထောက်ခံချက်လိုအပ်တဲ့အတွက်၊ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာနှုန်းပါဝင်နေတဲ့လွှတ်တော်ရဲ့ ထောက်ခံချက်ရဖို့ အလွန်ခက်ခဲနေကြောင်း၊ NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းနေပြီး၊ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်မှာလား၊ လုံးဝအသစ် ပြန်ရေးမလားဆိုတာ ဒီနှစ်ကုန်ပိုင်းမှာ ဆုံးဖြတ်ကြရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။