UNFC အနေနဲ့ NCA အတိုင်းလိုက်ရင် ရှေ့မတိုးနိုင်ပဲဖြစ်မည်


2017.10.01
unfc-622.jpg UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ဝ၁၇ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က စတင်ကျင်းပစဉ်
Photo: Aung Moe Myint/ RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေမယ် လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်အများစုက အကဲ ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးရေးကိစ္စ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ၊ ဖက်ဒရယ်နှင့် ပြည်နယ်အခြေခံဥပဒေကိစ္စ၊ တရားရေးမဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး ကိစ္စ ဆိုတဲ့ ခေါင်းစဉ်ကြီး လေးခု အပေါ် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ကိုယ်စားလှယ်အများစုက အခုလို မှတ်ချက်ပေးခဲ့ကြတာဖြစ်တယ်လို့ အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က သတင်းထောက်တွေကို ပြောပါတယ်။

"ကျနော်တို့ အချက်ကိုးချက်ဟာ တကယ် လက်တွေ့အားဖြင့်  ဆွေးနွေးမယ်ဆိုလို့ရှိရင်ပေါ့လေ ဒီလောက် မကြာသင့်ဘူးပေါ့။ ဘာကြောင့်ကြာတာလဲပေါ့နော်။ ဒါတွေက ရလဒ်ကောင်းထွက်တော့မယ် ဆိုလို့ရှိရင် ဘာကြောင့်နောက်ဆုတ်ဖို့ အခြေအနေတွေ ဖြစ်လာတာလဲပေါ့နော်။ တိုးတက်မှု တစ်စုံ တရာပြပြီး  ဒီအပေါင်းလက္ခဏာ ဆောင်ပြီ။ ရလဒ်ကောင်းထွက်တော့မယ်ဆိုလို့ရှိရင် ပြန်ပြီးတော့မှ အနုတ်သဘော ဆောင်တဲ့ ကိစ္စတွေ ပြန်ပြန်ဖြစ် သွားတဲ့အခါကျတော့  ဒါကဘာကြောင့်ဖြစ်တာလဲ။ NCA လမ်းကြောင်းထဲ မှာ ဒါတွေက မဖြစ်စေချင်တဲ့ အင်အားစုတွေ ရှိပြီးတော့မှ အနှောင့် အယှက်ပေးနေတာလား။ ဒါတွေကို အကဲဖြတ်တာလည်း  ရှိပါတယ်"

UNFC အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရန်ကုန်မြို့မှာ ဆဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ချိန်က တင်ပြထားတဲ့ အချက် ၉ ချက်ထဲက ၄ ချက်ကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ အချက်တွေပြေလည်အောင် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ အလွတ်သဘော ထပ်မံတွေ့ဆုံခဲ့ချိန်မှာတော့ သဘောတူညီမှုရပြီးသား အချက် ၄ ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အဆိုပြုခဲ့တယ်လို့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ လက်ရှိ ကြုံတွေ့နေကြရတဲ့ နိုင်ငံရေး အခြေအနေတွေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးရရှိဖို့ သွားနေတဲ့ NCA လမ်းကြောင်းဟာ ရှေ့ဆက်မသွား နိုင်ပဲ ဖြစ်နေရတယ် လို့လည်း တိုင်းရင်းသားခေါင်းဆောင် အများစုက ပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

အစိုးရနဲ့ သဘောတူညီမှုရရှိပြီးသား အချက် ၄ ချက် ပြန်လည်ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့တော့ အောက်တိုဘာ လ ၆ ရက်နေ့မှာ ရန်ကုန်မြို့ NRPC ရုံးမှာ ပြန်လည်ဆွေးနွေးဖို့ရှိပေမယ့် ငြိမ်းချမ်းရေး ကော်မရှင်က အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားလာတယ်လို့ နိုင်အောင်မငေး က ပြောပါတယ်။ UNFC အဖွဲ့အနေနဲ့ကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ စုစည်းညီညွတ်မှု ကို ရယူပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း နဲ့ပဲ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်တယ်လို့ အစည်းအဝေး အပိတ်မိန့်ခွန်းမှာ နိုင်ဟံသာ က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။