စစ်ရေးပဋိပက္ခအတွင်း ကလေးသူငယ်တွေ ထိခိုက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ထုတ်ပြန်

RFA Burmese
2024.04.16
စစ်ရေးပဋိပက္ခအတွင်း ကလေးသူငယ်တွေ ထိခိုက်ခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ထုတ်ပြန် လေကြောင်းရန်ကာကွယ်နည်း သင်ယူနေကြသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံကလေးငယ်များအား ၂ဝ၂၃ ခုနှစ် မေလအတွင်းက တွေ့မြင်ရစဉ်။
RFA

စစ်ရေးပဋိပက္ခတွေအတွင်းမှာ ကလေးသူငယ်တွေ ထိခိုက်မှု အခြေအနေကို လေ့လာစောင့်ကြည့်တဲ့ Watchlist အဖွဲ့ဟာ ၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီကိုပေးပို့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို ပြင်းထန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖော်ပြထားပါတယ်။

နှစ်စဉ်ထုတ်ဝေတဲ့ Watchlist အဖွဲ့ရဲ့ အစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်းက စစ်ရေး ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ကလေးစစ်သားအဖြစ် စုဆောင်းအသုံးပြုမှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်မှု စတဲ့လုပ်ရပ် ငါးမျိုးကို ကျူးလွန်ခဲ့ခြင်းရှိ မရှိ ဆိုတာကို လေ့လာသုံးသပ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီကို အကြံပြုတိုက်တွန်းချက်တွေ ပေးပို့တာ ဖြစ်ပါတယ်။

Watchlist အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံက နယ်ခြားစောင့်တပ်တွေ အပါအဝင် တပ်မတော်လို့ ခေါ်တဲ့ မြန်မာစစ်တပ်ဟာ အဲဒီလုပ်ရပ်ငါးမျိုးစလုံး ကျူးလွန်ခဲ့တာတွေ့ရပြီး တိုင်းရင်းသားအဖွဲ့တွေထဲမှာ DKBA၊ KIA၊ KNLA၊ KNU/KNLA Peace Council၊ KA၊ SSA နဲ့ UWSA တပ်ဖွဲ့တွေဟာ ကလေးစစ်သား စုဆောင်းအသုံးပြုမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ဝင်ရောက်တပ်စွဲမှု မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့တွေ အထူးသဖြင့် PDF အဖွဲ့တွေက စာသင်ကျောင်းတွေကို တိုက်ခိုက်မှု ရှိလာနေတယ်လို့ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ PDF အဖွဲ့တွေရဲ့ စာသင်ကျောင်းကို တိုက်ခိုက်မှု အနည်းဆုံး ၁၅ ကြိမ် ရှိခဲ့ရာမှာ ဒီအထဲက ၁၄ ကြိမ်က စာသင်ကျောင်းထဲမှာ တပ်စွဲနေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ကြိမ်ကတော့ ကလေးခရိုင် PDF တပ်ဖွဲ့ဝင်တွေက CDM မဝင်တဲ့ မူလတန်းပြတစ်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်တွေ ထုတ်ပြန်တဲ့ ACLED သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေကို အခြေခံပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စာလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆေးရုံ၊ ဆေးခန်းတွေကို တိုက်ခိုက်မှု အကြိမ် ၂၅၀ ရှိခဲ့ပြီး အများစုက မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေရှိနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို PDF တွေရဲ့ တိုက်ခိုက်မှုအချို့လည်း ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အခုလို PDF တပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားတဲ့ ဖြစ်ရပ်တွေမှာ တာဝန်ရှိတဲ့သူ ဘယ်သူဆိုတာ သိရအောင် စုံစံမ်းစစ်ဆေးဖို့ကိုလည်း Watchlist အဖွဲ့က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။