မောင်တောမှာ မိုင်းနင်းမိလို့ ကလေးတစ်ဦး သေဆုံး
2023.02.03
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ရွာမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ်က မြေမြှုပ်မိုင်းနင်းမိလို့ ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးတဲ့ ကလေးဟာ အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသား မောင်ကျော်စိုး ဖြစ်ပါတယ်။ သူဟာ ခမောင်းဆိပ် နယ်ခြားစောင့်ကင်းစခန်းအနီး တောင်ပေါ်မှာ ငှက်ကိုင်းထောင်နေစဉ် မိုင်းနင်းမိလို့ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက တောင်ပေါ်မှာ ငှက်ကိုင်းထောင်နေတာပါ။ အဲဒီမှာ မိုင်းနင်းပြီးတော့ ပွဲချင်းပြီး သေသွားတာပေါ့။ သူနဲ့ အတူ လိုက်သွားတဲ့ ခွေးတစ်ကောင်လည်း သေသွားတယ်။ အဲဒီနေရာနားမှာ အရင်က နယ်ခြားစောင့်ကင်းစခန်း ချထားခဲ့တာလေ။ အခု သူတို့တော့မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ မိုင်းထောင်ထားခဲ့တာနေမှာ”
အဲဒီမိုင်းဟာ ဘယ်အဖွဲ့ရဲ့ မိုင်းဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းရွာအနီးက တောင်ပေါ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ရိုဟင်ဂျာကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ကလေးသုံးဦးလည်း အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေရပ်စဲနေပေမယ့် မြေမြှုပ်မိုင်း အန္တရာယ်ကတေ့ ဒေသခံတွေကို ခြောက်လှန့်နေဆဲပါ။ ဒါကြောင့် တိုက်ပွဲ ကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းရေးလုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၄၅ ဦးနဲ့ ဒဏ်ရာရသူ ၁၀၆ ဦး ရှိခဲ့ပါတယ်။