ထန်တလန်မှာ လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့တဲ့ ကလေးကို ဂူသွင်းသင်္ဂြိုဟ်

ချင်းပြည်နယ် ထန်တလန်မြို့ ရဲစခန်းအနီးမှာ သြဂုတ်လ ၂၅ ရက် မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ ထန်တလန် CDF အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက် ကြီးကျည်ကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန်ကို သြဂုတ်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မောင်ဗန်ဘွေထန်ဟာ မနေ့ကပစ်ခတ်မှုဖြစ်ပွားချိန် နေအိမ်မှာပုန်းနေရာကနေ အနီးမှာ ကျရောက်ပေါက်ကွဲ တဲ့ လက်နက်ကြီးအစ လည်ပင်းကိုထိမှန်ပြီး သေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။
မနေ့က ပစ်ခတ်မှုမှာ လက်နက်ကြီးကြောင့် လူနေအိမ်တချို့ ပျက်စီးသွားခဲ့ပြီး ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မနေ့က ဟားခါး-ထန်တလန်လမ်းမကြီး ကြားမှာ ဒေသကာကွယ်အဖွဲ့ ဟားခါး CDF နဲ့ CDF Zophei ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ တယ်လို့ CDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
မနေ့က ကလေး တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကိုရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
စစ်တပ်က နယ်မြေကျူးကျော်တာ၊ အင်းအားတိုးချဲ့တာတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြီး ပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့လည်း CDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။