သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မော်လမြိုင်မြို့မှာ ဆန္ဒပြတောင်းဆို
2016.12.09

သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးနဲ့ ကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်ဦးစီးပြီး ဒီနေ့မနက်ပိုင်းက မော်လမြိုင်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
သက်ငယ်မုဒိမ်းမှုတွေကို စီရင်ချက်ချရာမှာ ကြီးလေးတဲ့ပြစ်ဒဏ်မပေးဘဲ လျှော့လျှော့ပေါ့ပေါ့ပေးတာကြောင့် ကျူးလွန်တဲ့လူကို အားပေးသလိုဖြစ်နေတဲ့အတွက် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုတာလို့ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်အဖွဲ့ဝင် ဦးမင်းနိုင်စိုး က ပြောပါတယ်။
"မွန်ပြည်နယ်မှာ ၂ဝ၁၆ မှာ သက်ငယ်မုဒိမ်းမှုဆိုတာ တော်တော်လေးဖြစ်လာပါတယ်၊ ဒီဟာနဲ့ပတ်သက် လို့တော့ အပြစ်ဒဏ်ပေးတဲ့နေရာမှာ တချို့အမှုတွေက ကြီးလေးသောပြစ်ဒဏ်မပေးပဲနဲ့ ပေါ့ပေါ့လျော့လျော့ နဲ့ပေးနေတယ်လေ၊ ဒါတွေကို နောက်ပိုင်းမှာကျူးလွန်မှုမရှိအောင် ကျနော်တို့ ဒီပွဲကိုပြုလုပ်ရခြင်းဖြစ် ပါတယ်"
ဒီဆန္ဒပြပွဲမှာ မွန်ပြည်နယ်အရပ်ဘက်အဖွဲ့တွေက လူ ၅၀ ကျော်က မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ကနေ မွန်ပြည်နယ်အစိုးရရုံး၊ ကမ်းနားလမ်းရှိ ရာမညတံတားအထိ လမ်းလျှောက်ချီတတ်ကာ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေး၊ ကျူးလွန်တဲ့လူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးရေး စတဲ့အချက်တွေကို ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့လူတွေဟာ ဥပဒေအရ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျခံနိုင်ရချေရှိေ ပမယ့် ပြစ်ဒဏ်လျှော့ပေါ့ပြီး ချမှတ်နေတာတွေ တွေ့ရတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ ၂၀၁၆ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ သက်ငယ်မုဒိန်းအမှု ၂၆ မှုရှိပြီး ကြီးလေး တဲ့ ပြစ်ဒဏ်ပေးတာတွေ မရှိဘူးလို့ သိရပါတယ်။