ကလေးစစ်သားဟောင်း အမှု ရုံးထုတ်
2017.10.26

တပ်မတော်က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဒီကနေ့ ၆ ကြိမ်မြောက် တရားရုံးထုတ်ခဲ့ပြီး တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ကို စစ်ဆေးခဲ့ပါတယ်။
အဲဒီလို စစ်ဆေးရာမှာ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က သူ့အနေနဲ့ ကိုအောင်ကိုထွေးကို တရားစွဲဆိုတာဟာ တပ်မတော်ရဲ့ တာဝန်ပေးချက်အရ တရားစွဲဆိုတာဖြစ်ကြောင်း တရားခွင်မှာ ဖြေကြားခဲ့တယ်လို့ ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
"တရားလိုကို စစ်ဆေးပြီးတော့ အနေအထားအရ စွပ်စွဲခံရသူအနေနဲ့ကတော့ လာရောက်တိုင်တားတဲ့ တရားလိုက တပ်မတော်ရဲ့ တာဝန်ပေးချက်အရ တာဝန်ယူပြီးတော့ လာပြီးတရားစွဲရတယ်ဆိုတဲ့အကြောင်း တရားခွင်မှာလည်းထွက်ပြီးပြီ၊ သူတရားလိုထွက်ဆိုနိုင်တာ တပ်မတော်က တာဝန်ပေးချက်အရ တရားလာစွဲ ဆိုတဲ့ အနေအထားပဲဆိုတာတော့ တရားလိုစစ်ပြီးတဲ့အခါမှာပေါ်တယ်"
ဒါ့အပြင် ကိုအောင်ကိုထွေး အမှုနဲ့ပတ်သက်ပြီး RFA သတင်းဌာနကို တရားစွဲထားခြင်း ရှိ၊ မရှိ၊ သက်သေအဖြစ် ခေါ်ထားခြင်း ရှိ၊ မရှိတို့ကို စွပ်စွဲခံရသူ ရှေ့နေဘက်က တရားခွင်မှာ မေးမြန်းခဲ့ချိန်မှာ မရှိကြောင်း ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဖြေကြားခဲ့ပါတယ်။
အမှန်တကယ် ခံစားရတဲ့အကြောင်းတွေကို မီဒီယာတွေမှာ ဖြေကြားလို့ တရားစွဲမယ်ဆိုရင် နောက်ပိုင်းမှာ မီဒီယာတွေမှာ ဖြေကြားမယ့် လူမရှိဖြစ်သွားနိုင်သလို သတင်းဌာနတွေအနေနဲ့ ပြည်သူကိုတင်ပြဖို့ အခက်အခဲဖြစ် သွားနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ သူကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ အခြေအနေနဲ့ စစ်သား ဘ၀ သူတွေ့ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ညက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုအောင်ကိုထွေးဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က သူငယ်ချင်းတစ်ဦးနဲအတူ ညဖက် နေပြည်တော်က ပြန်လာစဉ် ရန်ကုန်ဘူတာကြီးမှာ ကလေးစစ်သားအဖြစ် ခေါ်ဆောင်သွားခံရပါတယ်။
သူဟာ တပ်မတော် တပ်ရင်းတစ်ခုမှာ ၂ နှစ်နီးပါးလောက်နေခဲ့ရပြီး ထွက်ပြေးစဉ် ဆိုင်ကယ်လုယက်ရင်း အတူပြေးလာသူထဲကတစ်ဦးက လူသတ်မိတာကြောင့် သူပါလူသတ်မှုနဲ့ သေဒဏ်ကျခဲ့ပါတယ်။
နောက်ပိုင်း သေဒဏ်ကနေ တသက်တကျွန်း၊ တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ်ပြောင်းခံရပြီး ဒီနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ မန္တလေး အိုးဘိုထောင်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ကိုအောင်ကိုထွေး အမှုနဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေ ၄ ဦးထဲက တစ်ဦးကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။