တွန်းဇံနဲ့ဖလမ်းမှာ Covid 19 နဲ့ နှစ်ဦးသေ တစ်လကျော်အတွင်း သေဆုံးသူပေါင်း ၅၀ ကျော်ထိရှိလာ

2021.07.06
တွန်းဇံနဲ့ဖလမ်းမှာ Covid 19 နဲ့ နှစ်ဦးသေ တစ်လကျော်အတွင်း သေဆုံးသူပေါင်း ၅၀ ကျော်ထိရှိလာ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့မှာ ၂၀၂၁ ဇူလိုင် ၅ ရက်နေ့က ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာခဲ့ကြစဉ်
Photo: CJ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနဲ့ ဖလမ်းမြို့တို့မှာ ဇူလိုင် ၅ ရက်မနေ့က Covid 19 ကြောင့် တစ်ဦးစီ သေဆုံးခဲ့ပြီး တစ်လကျော်အတွင်း သေဆုံးသူ ၅၇ ဦးအထိရှိနေပြီလို့ အဲဒီမြို့တွေက Covid 19 ကူညီ ရေးလုပ်နေကြတဲ့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

မနေ့က သေဆုံးခဲ့သူ နှစ်ဦးဟာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်ပြီး ရောဂါအခံရှိကြ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တွန်းဇံမြို့နယ်မှာ တစ်လကျော်အတွင်း Covid 19 တွေ့ရှိသူ ၆၁၃ ဦးရှိပြီး သေဆုံးသူ ၂၁ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ဖလမ်းမြို့မှာလည်း တစ်လကျော်အတွင်း ဇူလိုင် ၅ ရက်နေ့အထိ Covid 19 လူနာ ၃၅၉ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးရှိနေပြီဖြစ်ကာ ချင်းပြည်နယ်ထဲမှာ Covid 19 ကြောင့် သေဆုံးနှုန်း အများဆုံးမြို့လည်း ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

တတိယလှိုင်းအဖြစ် တစ်ကျော့ပြန်ဖြစ်လာတဲ့ Covid 19 ဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေတဆင့် ကူးစက် လာတာဖြစ်ပြီး မေလဆန်းပိုင်းကစပြီး တွန်းဇံမြို့နယ်မှာ ပိုးစတင်ဖြစ်ပွားခဲ့ရာကနေ ကျန်မြို့နယ်တွေနဲ့ ကျေးရွာတွေဆီ ကူးစက်ပျံ့နှံ့ကုန်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀မတ်လကစပြီး ၂၀၂၁ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိသူ တစ်သိန်းခြောက်သောင်း ရှစ်ထောင့်သုံးရာခုနှစ်ဆယ့်လေးယောက်ရှိပြီး သေဆုံးသူ သုံးထောင့်လေးရာ ခြောက်ဆယ့်တစ်ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။