၂၁ ပင်လုံအတွက် ချင်းအရပ်ဘက် အဖွဲ့တွေ ဆွေးနွေး
2016.08.22

၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းတိုင်းရင်းသားတွေရဲ့ အသံတစုတစည်းတည်း တင်ပြနိုင်ဖို့အတွက် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအဆင့်နောက်ဆက်တွဲ ဆွေးနွေးပွဲတွေမှာ ဘယ်လိုတင်ပြဆွေးနွေးနိုင်မလဲဆိုတာကို ကြိုတင်တိုင်ပင်ကြတာဖြစ်တယ်လို့ ဒီတွေ့ဆုံပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဆလိုင်းကျုံးလျန်ထောင်းက ပြောပါတယ်။
''ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘက်က ဘာလိုချင်လဲ ၊ ဘာမလိုချင်ဘူးလဲ ၊ ဘယ်လိုပုံသဏ္ဍာန် သွားချင်လဲဆိုတာ ဖော်ထုတ်မယ်၊ အဲ့ဒီဖော်ထုတ် ထားတဲ့ဟာကို သက်ဆိုင်တဲ့အုပ်စုတွေဆီ ကျွန်တော် တို့က သယ်သွားမယ်၊ တိုက်တွန်းမယ်၊ ဒီမက်ဆေ့ကို ကျွန်တော်တို့ရအောင် သယ်သွားမယ့်ပုံစံမျိုးကို ရအောင် သွားချင်တယ်။ ပြီးတော့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်နိုင်မယ့် နည်းလမ်းတွေကို ရှာပြီးတော့ သွားဖို့ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ လိုချင်တဲ့ဟာတွေ၊ အသံတွေပါသွားဖို့အတွက်တော့ လုပ်မှာဖြစ်ပါတယ်"
နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာနဲ့ သယံဇာတဆိုင်ရာကိစ္စရပ်တွေကို ခေါင်းစဉ် အလိုက် ဆွေးနွေးတိုင်ပင်ကြတာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး ချင်းပြည်နယ်ထဲက လူမျိုးအလိုက်၊ မြို့နယ်အလိုက်၊ ရန်ကုန်နဲ့ တစ် ခြားတိုင်းနဲ့ပြည်နယ်တွေမှာ အခြေစိုက်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် တစ်ရာနီးပါးလောက် တက်ရောက်ဆွေးနွေးကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲက ရလဒ်တွေကို ချင်းနိုင်ငံရေးပါတီတွေ၊ ချင်းအမျိုးသားတပ်ဦး CNF တို့နဲ့လည်း ထပ်မံဆွေးနွေးကြဦးမှာဖြစ်တယ်လို့ ပြောပါတယ်။