ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ဆရာတော် အရှင်ဆန္ဒာဓိက သိန်း ၅၀၀ ကျော်လှူဒါန်း
2013.02.20

ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်နဲ့ ချင်းပြည်နယ် ပညာရေး ရန်ပုံငွေအတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက အလှူငွေကျပ် သိန်း ၅၂၀ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတဆင့် ဒီကနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
နေပြည်တော်လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းကို ဆရာတော်ကြွရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး ချင်းပြည်နယ် ပညာရေးအတွက် ဆရာတော်က ငွေကျပ်သိန်း ၅၀၀ ကျော် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဆရာတော်က မိန့်ကြားခဲ့တဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြန်ပြောပြပါတယ်။
"ကျွန်မတို့ ဒီနေ့ ချင်းအမျိုးသားနေ့မှာ ဆရာတော် အရှင်ဆန္ဒာဓိကကနေ လွှတ်တော်မှာလာပြီး ချင်းပြည်နယ် တီးတိန်မြို့က ကျောင်းတစ်ကျောင်းအတွက် အလှူဒါန ပြုလုပ်သွားပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ချင်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရော တက်ရောက်နိုင်ခဲ့ပါတယ်၊ ဆရာတော်ကလည်း သြဝါဒမိန့်ကြားခဲ့ပါတယ်၊ မိန့်ကြားသွားတဲ့အထဲမှာ တစ်ခုကဘာလဲဆိုတော့ အခုလို လှူဒါန်းရတဲ့ ကုသိုလ်ဟာ ဆရာတော်အတွက် လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ဘာမှမလိုချင်ပါဘူး၊ တိုင်းရင်းသားတွေ ပိုပြီးစည်းလုံးညီညွှတ် စေချင်ပါတယ်လို့ မိန့်သွားပါတယ်၊ ကျွန်မတို့အားလုံးကလည်း စည်းစည်းလုံးလုံး ရှိကြပါတယ်"
အခုလို ဆရာတော်ရဲ့ အလှူငွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဝမ်းမြောက်စကားပြောကြားခဲ့သလို ငွေလက်ခံရယူတဲ့ ချင်းတိုင်းရင်းသားခေါင်းဆောင်ကလဲ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။