ကုမ္ပဏီတွေ ရွေးကောက်ပွဲနိုင်ဖို့ ကူညီကြောင်း ထောက်ခံစာပေးတဲ့ကိစ္စ NLD စစ်ဆေးနေ

2020.11.28
thantlang-counting-vote-622.jpg ချင်းပြည်နယ် ထန်တလန်မြို့နယ်က မဲရုံတစ်ရုံမှာ ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်နေ့က မဲရလဒ်တွေ ရေတွက်နေတာကို တွေ့ရစဉ်
Photo: IPRD Thantlang

ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌက တင်ဒါဝင်ပြိုင်မယ့် ကုမ္ပဏီခြောက်ခုက ပိုင်ရှင်တွေ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဝန်းရံကူညီထားကြောင်း လက်မှတ်ရေးထိုးထားတဲ့ စာနဲ့ပတ်သက်ပြီး ပါဝင်သူတွေကို ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး ဒီနေ့မှာ စစ်ဆေးနေတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌက ထောက်ခံပေးတဲ့ စာအွန်လိုင်းမှာ ထွက်ပေါ်ခဲ့ပြီးနောက် အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီက နိုဝင်ဘာ ၂၇ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ် ပညာရေး ဦးစီးဌာနက တင်ဒါခေါ်ထားတာတွေကို ပါဝင်ယှဉ်ပြိုင်တဲ့အခါ တစ်စိတ်တစ်ပိုင်း အထောက်အကူပြုစေဖို့ ရည်ရွယ်ကြောင်း ယူဆနိုင်ဖွယ်ရှိတဲ့ ထန်တလန်မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ လက်မှတ်ထိုးထားတဲ့စာဟာ ပြီးခဲ့တဲ့နေ့တွေမှာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။

ပြည်နယ်အောင်နိုင်ရေးကော်မတီက မြို့နယ်အောင်နိုင်ရေး ကော်မတီထံ အောက်တိုဘာ ၂ ရက်က ပေးပို့ထားတဲ့စာမှာ အနှောင်အဖွဲ့ပါနိုင်တဲ့ ဘယ်ရန်ပုံငွေမျိုးမဆို လက်မခံဖို့ ညွှန်ကြားထားတယ်လို့ ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနဦး စစ်ဆေးတွေ့ရှိချက်တွေကို ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို တင်ပြထားပါတယ်။

ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌကို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ စာကိစ္စနဲ့ စစ်ဆေးနေတဲ့ကိစ္စမေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်မှတ်ရေးထိုးသူ ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌကို ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ဖို့  ပြည်နယ်ပါတီ ဥက္ကဋ္ဌထံ ဖြစ်စဉ်ကိုလွှဲပြောင်း အကြောင်းကြားထားပြီးပြီလို့ ဖော်ပြထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။