ချင်းပြည်နယ်မှာ ချင်းပါတီတွေ အမတ် သုံးနေရာသာအနိုင်ရ
2020.11.11

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ချင်းတိုင်းရင်းသားပါတီတွေဟာ ဒီနှစ်ရွေးကောက်ပွဲမှာ လွှတ်တော် သုံးနေရာအတွက်ပဲ အနိုင်ရခဲ့တယ်လို့သိရပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီက ဟားခါးမြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ် (၂) နေရာအတွက် တစ်နေရာသာ အနိုင်ရခဲ့တာပါ။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီကတော့ တွန်းဇန်မြို့ ပြည်နယ်လွှတ်တော်အမှတ်(၂) ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ စုစုပေါင်း နှစ်နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး ကျေးရွာအုပ်စု (၉၄) အုပ်စုက မဲဆန္ဒရှင်တွေမပါဘဲ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ပလက်ဝမြို့မှာတော့ လွှတ်တော်ကိုယ်စားလှယ် ငါးနေရာစလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ပါတယ်။
လက်ရှိ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် ချင်းပြည်နယ်က ဝင်ပြိုင်တဲ့ NLD ကိုယ်စားလှယ်လောင်း (၃၉) ယောက်မှာ (၃၆) ယောက် အနိုင်ရခဲ့တာပါ။
ဒီနှစ် ချင်းပြည်နယ်မှာ NLD ပါတီက ပြီးခဲ့တဲ့ (၂၀၁၅) ရွေးကောက်ပွဲထက် ကိုယ်စားလှယ်လောင်း ငါးယောက် ပိုနိုင်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲ အမျိုးသမီးကိုယ်စားလှယ် လေးယောက်ပါဝင်ပါတယ်။