အိန္ဒိယကို ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၄၈,၀၀၀ ကျော်လာ

2022.10.19
အိန္ဒိယကို ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၄၈,၀၀၀ ကျော်လာ အိန္ဒိယနိုင်ငံ၊ အရှေ့ဘက် မီဇိုရမ်ပြည်နယ် ပန်ကျေးရွာမှာ ခိုလှုံနေသည့် မြန်မာစစ်ဘေးဒုက္ခသည်တချို့ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ် တစ်ပတ် တည်းမှာတင် မြန်မာနိုင်ငံဘက်က စစ်ဘေးဒုက္ခသည် ၁၈၀၀ ကျော် ခိုလှုံလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အောက်တိုဘာလ ၃ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၄၈၀၀၀ ကျော် ရှိလာပြီ လို့လည်း UNHCR ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ချင်းလူမျိုး အများစု ထွက်ပြေးခိုလှုံ နေကြရပြီး အလုံးအရင်း ၀င်လာတာမဟုတ်ဘဲ နေ့တိုင်းလိုလို နယ်စပ်ဖြတ်ကျော် ၀င်ရောက်နေကြတာလို့ မီဇိုရမ်ရောက် စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်ကလည်း လက်ရှိ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၃၀ နီးပါးရှိနေပြီး စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီမှာရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်တဲ့ ပြဿနာတွေအပြင် ဘာသာစကား အခက်အခဲကြောင့် ကလေးငယ်တွေ စာသင်ကြားရေး မှာလည်း အခက်အခဲရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒါ့အပြင် အခု ဆောင်းရာသီရောက်လာပြီ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံထဲကို မြန်မာဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနိုင်တယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အစီရင်ခံစာထဲမှာ ထည်သွင်း ခန့်မှန်းထားပါတယ်။

အိန္ဒိယနဲ့ မြန်မာဟာ ၁,၆၄၃ ကီလိုမီတာ အထိ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။