တီးတိန် ဒေသခံတချို့ အစိုးရ ထောက်ပံ့မှု လိုအပ်နေ

ဆလိုင်းကေတီဟောက်ခိုင်
2020.09.28

ကပ်ဘေးကာလအတွင်း အခြေခံလူတန်းစားတွေကို အစိုးရက ကူညီထောက်ပံ့နေပါတယ်။ စားဝတ်နေရေးကြောင့် နေ့စဉ်ရုန်းကန်နေရတဲ့ ချင်းပြည်နယ်က ဒေသခံ မိသားစုဝင်တချို့ ကူညီထောက်ပံ့မှု မရတာလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်လို့ သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်က ဒေသခံတချို့ ကိုရိုနာဗိုင်းရပ်စ် (Covid 19) ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ကာလမှာ အစိုးရရဲ့ ကူညီထောက်ပံ့မှုကို မရဘဲဖြစ်နေတာပါ။

ထောက်ပံ့ကြေးမရသူတွေထဲမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က သိုင်းငင်းကျေးရွာက ဦးနန်ပီးတို့ မိသားစုလည်း ပါဝင်ပါတယ်။

“ကိုဗစ်ကာလမှာ ကျွန်တော်တို့ ဘာတစ်ခုမှလည်း ရောင်းလို့မရဘူး ဆိုတော့ ကျွန်တော်တို့  သိုင်းငင်းရွာ ကဆိုရင် ကားကို အားကိုးပြီးတော့မှ အသက်ရှင်တယ်။ ကားလည်း မထွက်တော့ဘူး။ ကျွန်တော်တို့ အဲဒီချိန်မှာ အရမ်းကို ဒုက္ခရောက်တဲ့ အချိန်မှာ တောင်ယာလည်း မလုပ်ရဘူး။ ဒီနေရာမျိုးမှာ အရမ်းဒုက္ခ ရောက်တယ်။ ထမင်းဆိုင်လည်း မရောင်းရတော့ဘူး။ အဲလို အချိန်မှာ ခေါင်းဆောင်ပိုင်းတွေ၊ စေတနာမရှိတဲ့ ခေါင်းဆောင်တွေ ပြီးတော့  ကျွန်တော်က ဒီလိုဟာမျိုး ဖြစ်စေချင်တယ်ပေါ့နော်။ တိုင်တိုင်ပင်ပင်နဲ့ နေမယ်ဆိုရင် မရနိုင်စရာ အကြောင်းမရှိဘူး”

တောင်ယာလုပ်ကိုင်တဲ့ ဦးနန်ပီးတို့ မိသားစုဟာ  သူတို့စိုက်ထားတဲ့  ဟင်းသီးဟင်းရွက်တွေကို သိုင်းငင်းကားလမ်း ဘေးကနေ ခရီးသွားတွေကို ရောင်းချနေတာပါ။  အခုလို ခရီးသွားတွေ မရှိသလောက် နည်းပါးသွားချိန်မှာ ဝင်ငွေ မရတော့တဲ့အပြင် ထောက်ပံ့မှုလည်း မရတာကြောင့် အခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အစိုးရကနေ ပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပထမအကြိမ် ဆန်၊ ဆီ၊ ဆား၊ အာလူးနဲ့ ပဲတွေကို ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မှာ ငွေသားကျပ် ၂ သောင်းစီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ပထမအကြိမ် ထောက်ပံ့ပစ္စည်း ပေးအပ်ရာမှာ ကန့်သတ်ချက် ၁၅ ချက်နဲ့ ညီတဲ့ အိမ်ထောင်စုတွေကိုသာ ပေးအပ်ရမယ်ဆိုပြီး ညွှန်ကြားထားတာကြောင့် မရသူတွေရှိတာလို့ တီးတိန်မြို့နယ် မောင်ကင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒါးလ်ခန့်ခုပ်က RFA ကို ပြောပါတယ်။

“သူတို့ရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကိုပဲ ကျွန်တော်တို့က ရွေးတာပါ။ တချို့ရွာတွေကျတော့ သူတို့က တစ်ရွာလုံး တင်တယ်၊ တစ်ရွာလုံးရတယ်ဗျ။ ကျွန်တော်တို့ကလည်း ထပ်မံဖြည့်စွက်ပြီး တင်ပေးဖို့ စာတော့တင်တယ်။ အုပ်ချုပ်ရေးမှူး ၁၇ ယောက်၊ ၁၈ ယောက်အထိ စာတော့တင်တယ်။ အခုထိ ဘာမှအကြောင်းပြန်ကြားခြင်း မရှိသေးဘူး။ အများဆုံးကတော့ အဓိက စံသတ်မှတ်ချက်တွေနဲ့ တင်ပြတာပါ။ ပထမအကြိမ်ပေးဖို့ စာရင်းကောက်တော့ သူတို့ဆီက စံသတ်မှတ်ချက် ၁၅ ချက် ကျလာတယ်။ အဲဒါနဲ့ ကျွန်တော်တို့ တင်တာပါ။ ပထမအကြိမ်တုန်းက ငွေသားနဲ့ပေးတာ မဟုတ်ဘူး။ ဆန်၊ ဆီ၊ ဆား၊ အားလူး၊ ပဲတွေ ပေးတာပါ။ ဒုတိယအကြိမ် ငွေသားပေးတဲ့အခါကျတော့ ပထမအကြိမ်တုန်းက တင်ထားတဲ့ အတိုင်းပဲ စာရင်းက ကျလာတာပါ”

အဲဒီသတ်မှတ်ချက်တွေကြောင့် ထောက်ပံ့ကြေးမရတဲ့ ဒေသခံတွေလည်း ရှိနေပြီး ပိုးကူးစက်မှုအန္တရာယ် ရှိနေတဲ့ကာလမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ခေါ်ဆကျေးရွာ အုပ်ချုပ်ရေးမှူး ကိုခိုင်ကျင့်ဒါလ်းကလည်း အဲဒီလို ဒေသခံတွေနဲ့ အငြင်းပွားစရာတွေ ရှိလာတာကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို နောက်ထပ်ပေးမယ့် အစိုးရထောက်ပံ့မှုမှာ စာရင်းထပ်မံတင်ပြဖို့ စာတင်ထားတယ်လို့ ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ကျွန်တော်တို့ စာတင်ထားပါတယ်။ စာရင်းကောက်နိုင်အောင်လို့ပါ။ ဘာလို့လဲဆိုတော့ ရွာသားတွေနဲ့ အရမ်းပြဿနာတက်နေပါတယ်။ အခု တီးတိန်မြို့နယ် ကျေးရွာတွေ အတွင်းက မထိုးရသေးတဲ့လူတွေလည်း ရှိတယ်၊ အုပ်ချုပ်ရေးမှူးတွေပေါ့။ ကျွန်တော်တို့ ၁၆ အုပ်စုကနေ ကျွန်တော်တို့ ပြန်တင်ပြထားတာ ရှိပါတယ်”

တစ်ပြည်နယ်လုံးမှာ ကူညီထောက်ပံ့ဖို့ တင်ပြထားတဲ့ အိမ်ထောင်စု နှစ်သောင်းခွဲကျော်ပဲရှိတယ်လို့ ချင်းပြည်နယ် အတွင်းရေးမှူး ဦးတိုးဝင်းက ပြောပါတယ်။

“နိုင်ငံတော်က ပေးတာ ၃ ကြိမ်ရှိပါပြီ။ ပထမအကြိမ်မှာ အမယ် ငါးမျိုးပေးတယ်။ အဲဒီ အမယ် ငါးမျိုး ပေးပြီးတဲ့အပြင်ကို ကျွန်တော်တို့ နောက်ထပ် နှစ်သောင်း၊ နှစ်သောင်းပေါ့၊ ချို့တဲ့တဲ့ အိမ်ထောင်စုတွေဆိုပြီး ကျွန်တော်တို့ သတ်မှတ်ချက်တွေ သတ်မှတ်ပြီး ကောက်တာပါ။ တီးတိန်က ကျွန်တော်တို့က ပြောမယ်ဆိုရင် အမယ်ငါးမျိုးပေးကတည်းက တီးတိန်က အများဆုံးပဲဗျ။ ကျွန်တော်တို့ တစ်ပြည်နယ်လုံးကိုမှ ၂၅၁၁၉ အိမ်ထောင်စုပဲရှိတယ်။အဲဒီအထဲမှာ တီးတိန်ဆိုရင် ၅၅၀၃ အိမ်ထောင်စု ရှိတယ်။ အဲဒီလိုရှိတဲ့အခါမှာ ကျွန်တော်တို့ ထပ်တိုးလာတဲ့ဟာလည်း ရှိပါတယ်။ အင်အားက တီးတိန်ဆိုရင် ၆၉၆၃ ဦးလောက်ရှိတယ်။ ရှိတဲ့အတွက်ကြောင့် အဲဒါကို မူတည်ပြီး ကျွန်တော်တို့က ပေးတာ။ အခုမှ ကောက်ထားတာ မဟုတ်ဘူး။ အခုနောက်ပိုင်းမှ သတင်းတွေ ထွက်လာတာဖြစ်တယ်။ ကျွန်တော် ဘာသတင်းမှတော့ မကြားပါဘူး။ အမှန်တကယ် ဆင်းရဲချို့တဲ့သူတွေကို ကောက်ခံပြီးပေးတာ။ ကျွန်တော်တို့ ချင်းပြည်နယ်က အနည်းဆုံးပဲ။ အခုဆိုရင် ပထမအကြိမ် နှစ်သောင်း၊ ဒုတိယအကြိမ် နှစ်သောင်းနဲ့ တတိယအကြိမ် နှစ်သောင်း ပေးတာတွေ ကလည်း ဆင်းရဲနွမ်းပါးတဲ့သူတွေကို ပေးတာ။ တချို့ ချင်းမှာ နိုင်ငံခြားမှာနေပြီး ထောက်ပံ့တဲ့သူတွေရှိတယ်။ တကယ်ပြေလည်တဲ့သူတွေရှိတယ်။ အဲဒီလူတွေကို သေချာစိစစ်ပြီး အုပ်ချုပ်ရေးမှူးတွေ ကောက်တဲ့ စာရင်းအတိုင်း ပေးတာပါ။ ကျွန်တော်တို့ကတော့လေ သက်ဆိုင်ရာ အောက်ခြေက တက်လာတဲ့ စာရင်းဇယားအတိုင်း မြို့နယ်က ပြုစုတင်ပြပြီး နိုင်ငံတော် တင်ပြတောင်းခံပေးတာ ဖြစ်ပါတယ်”

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလ ထောက်ပံ့မှုတောင်းခံတဲ့ မိသားစုဝင် စာရင်းတင်ပြမှုဟာ ချင်းပြည်နယ်က အနည်းဆုံးဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ အစိုးရရဲ့ ထောက်ပံ့တဲ့ အစီအစဉ်ထဲ မပါသေးတာကြောင့် ထပ်မံတင်ပြတောင်းခံထားတဲ့ မိသားစုဝင် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ပြောဆိုနိုင်သူ မရှိပါဘူး။

ကပ်ဘေးကာလ စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး ထောက်ပံ့ကြေးမရတဲ့ ဒေသခံတွေဟာ ကျေးရွာအုပ်ချုပ် ရေးမှူးတွေက ကျန်ရှိနေတဲ့စာရင်း ပြန်လည်စိစစ်တင်ပြပေးရင် ထောက်ပံ့ကြေးရမယ်လို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။