ကန်ပက်လက် စစ်ဘေးဒုက္ခသည် ၅၀၀၀ နီးပါး စားနပ်ရိက္ခာခက်ခဲနေ

2021.10.08
ကန်ပက်လက် စစ်ဘေးဒုက္ခသည် ၅၀၀၀ နီးပါး စားနပ်ရိက္ခာခက်ခဲနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဘာပစ္စည်းမှပို့လို့မရအောင် စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည် ဒေသခံ ၅၀၀၀ နီးပါး စားနပ်ရိက္ခာပြတ်တောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ထဲက ခါနန်း ၊ ရန်စဲ ၊ ရှင်ဘောင်၊ ခါရိုင်း၊ မကြားအိမ်နူး စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၃၀ ကျော်က ဒေသခံ ၅၀၀၀ နီးပါး အငတ်ဘေးရောက်မယ့် ပုံစံဖြစ်နေတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ခွဲတစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတာတွေရှိခဲ့တာကြောင့် တပ်ပြန်ဆုပ်သွားပြီးနောက်ပိုင်းကတည်းက ကလေးဘက်ကနေ ချင်းပြည်နယ်ဘက် အဝင်အထွက်ကို ပိတ်ချလိုက်တာလို့ ချင်းကာကွယ်ရေးတပ် (CDF) ကန်ပက်လက်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

“CDF တွေရှိနေတယ်လို့ ယူဆပြီး ဖြတ်တောက်ထားတာနေမှာပေါ့၊ စားနပ်ရိက္ခာမရှိလို့ တစ်ရက်ကို တစ်နပ်ပဲ စားနေရတာတွေလည်းရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံးဝမရှိတော့ မသေ သင့်ပဲသေတာ ဆယ်ဦးထက် မနည်းတော့ဘူး၊ စားနပ်ရိက္ခာလည်း အရေးတကြီးလိုအပ်နေတယ်” လို့ ကန်ပက်လက် (CDF) ပြောခွင့်ရသူက ဆိုပါတယ်။

ကျင်ဒွေးမြို့ပေါ်က ဒေသခံတွေကတော့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတာများတာကြောင့် အခက်အခဲ သိပ်ဖြစ်ကြမယ့်ပုံ မပေါ်ဘူးလို့လည်း ကန်ပက်လက် (CDF) ပြောခွင့်ရသူက ပြောပါတယ်။

ကျင်ဒွေးမြို့ဟာ ကန်ပက်လက်မြို့နဲ့ ၅၇ မိုင်ကွာဝေးပြီး လက်ရှိ ကန်ပက်လက်မြို့နယ် တစ်ခုလုံးမှာ ဖုန်းလိုင်းမိနေပေမယ့် အင်တာနက်လိုင်း လုံးဝမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။