တိုက်ပွဲကြောင့် ရိခေါ်ဒါရ်မြို့က ဒေသခံ ငါးထောင်ကျော် အိန္ဒိယဘက် ထွက်ပြေးရ
2023.11.13

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၂ ရက်ညပိုင်းကစပြီး တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးထောင်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရိခေါ်ဒါရ်မြို့ပေါ် အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်က ဒေသခံအားလုံးနီးပါး မနေ့ညကတည်းက အိန္ဒိယနိုင်ငံ၊ တီအိုချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ဇိုခေါ်ထာရ်ရွာကို ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်ဒီနေ့မှာလည်း ရိခေါ်ဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရော၊ လေကြောင်းနဲ့ပါ ပစ်ခတ်နေတယ်လို့ ချင်းပြည်နယ်အခြေစိုက် Mountain Eagle Defence Force အဖွဲ့ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ဒီမနက်ပိုင်း အိန္ဒိယဘက် ဇိုခေါ်ထာရ်ရွာထဲ ကျရောက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ဆယ်နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး ခုနစ်နှစ်အရွယ်ကလေးနဲ့ အသက် ၇၀ အရွယ် အမျိုးသားကတော့ ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Mountain Eagle Defence Force ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
“အိန္ဒိယဘက်ကို လက်နက်ကြီးတွေ ကျတာကြောင့် ဟိုဘက်မှာ ရှောင်နေတဲ့သူတွေ ထိခိုက်တာတွေရှိတယ်။ ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာစပြီး လေကြောင်းနဲ့ လာတိုက်တာ၊ သုံးကြိမ်လောက်ရှိပြီ။ ဂျက်ဖိုက်တာရော၊ Mi - 35 ရော တစ်ကြိမ် လာတယ်။ အခု နောက်ထပ်တစ်ကြိမ် ထပ်တက်လာဦးမယ်လို့ ကြားတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတုန်းပဲ”
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။