ဒေသခံ သုံးသောင်းကျော် အိန္ဒိယဘက်ထွက်ပြေးနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ပြော

၂၀၂၁ ပြည့်နှစ် မေလကနေ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ နေရာ ၇၀ က ကောက်ယူထားတဲ့ စာရင်းတွေအရ ချင်းလူမျိုးဒေသခံ ၁၁၁ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ၄၅၀ ဦးထဲမှာ ၃၃၀ ဦးကတော့ လက်ရှိ အဖမ်းခံ ထားရဆဲ ဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Right Organization) က စက်တင်ဘာလ ၁၂ ရက်စွဲနဲ့ ဒီကနေ့ထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူ ၃၃၀၀၀ ကျော်ဟာလည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက ဒုက္ခသည် စခန်းတွေကို ထွက်ပြေးခဲ့ရပြီး အဲဒီအထဲမှာ မင်းတပ်မြို့က ဒေသခံ ၂၀၀၀၀ ကျော်နဲ့ ထန်ထလန်မြို့က ဒေသခံပြည်သူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲမှာရှိတဲ့ ဝန်ထမ်း ၂၀၀၀၀ နီးပါးထဲက ၇၁ ရာခိုင်နှုန်းသော ဝန်ထမ်း ၁၅၀၀၀ ကျော်ကလည်း အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါလှိုင်းအပြင် တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့တွေမှာ လူသားချင်းစာနာရေး အကူအညီတွေပေးဖို့ အခက်အခဲတွေ ဖြစ်နေသလို တစ်ပြည်နယ်လုံးအတွက် ကျန်းမာရေး အကျပ်အတည်းပါ ထပ်ဖြစ်လာနေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။