ချင်းဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ UNHCR ဆုံးဖြတ်ချက်အပေါ် ချင်းပါတီတွေ ကန့်ကွက်
2018.07.25

မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသား ၅ သောင်း ကျော်ကို လာမယ့်နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
ချင်းတိုင်းရင်းသားဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ မြန်မာအစိုးရက ပြန်လည်လက်ခံရေးအပိုင်း အဆင်သင့် ဖြစ်နေပါ့မလား ဆိုတဲ့ စိုးရိမ်မှုကြောင့် ကန့်ကွက်တာလို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီရဲ့ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောပါတယ်။
"UNHCR ကနေပြီးတော့ ပြန်ပို့ချင်တဲ့ ပုံစံမျိုးပေ့ါ၊ ချင်းပြည်နယ်က အလုံးစုံ အေးချမ်းနေတဲ့ အနေအထား ရောက်နေပြီပေါ့လေ၊ မလေးရှားနဲ့ ဒေလီမှာရှိတဲ့ ချင်းတွေရော စုစုပေါင်း ၅ သောင်းလောက် ရှိနေသေးတယ်ပေ့ါ၊ ကျနော်တို့ လေ့လာသလောက်ဆိုရင် အောက်ခြေအနေအထားကို ဘက်ပေါင်း စုံကနေ လေ့လာပြီးတော့မှ သုံးသပ်တဲ့ ဆုံးဖြတ်ချက်ပုံစံမျိုး ဖြစ်မနေဘူးလို့ ကျနော်တို့က ယူဆ တယ်ပေါ့"
လက်ရှိ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ ချင်းတိုင်းရင်းသား ၃ သောင်းလောက်ရှိပြီး ကျန်တဲ့ ၂ သောင်းလောက် ကတော့ အိန္ဒိယနိုင်ငံမှာ ရောက်နေကြတာလို့ ပြောပါတယ်။
သူတို့တွေဟာ ၁၉၉၉ ခုနှစ်ပိုင်းလောက်ကတည်းက ချင်းပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်သွားကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
UNHCR အနေနဲ့ ချင်းပြည်နယ်အတွင်း အခြေအနေကို မြေပြင်ကွင်းဆင်းပြီး သေချာလေ့လာပြီးမှသာ ဆုံးဖြတ်သင့် တယ်လို့ ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောပါတယ်။
မြန်မာအစိုးရဘက်ကလည်း ချင်းတိုင်းရင်းသားတွေကို ပြန်လည်လက်ခံနိုင်ဖို့အတွက် နေရေး ထိုင်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပြီးမှသာ လက်ခံသင့်တယ်လို့လည်း ပြောပါတယ်။
ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ တို့ ပူးတွဲကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။