ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိ

2021.12.15
ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ထန်တလန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: CJ

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ချင်းဒေသ ခုခံကာကွယ်ရေးတပ် CDF တို့ရဲ့ တိုက်ပွဲတွေကြောင့် မေလကနေ ဒီဇင်ဘာလအထိ ရှစ်လအတွင်း ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNOCHA က ထုတ်ပြန်ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေက စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိခဲ့ပြီး မေလကစလို့ အခု လက်ရှိ ဒီဇင်ဘာအထိဆိုရင် စုစုပေါင်း လေးသောင်းကျော် ရှိလာပြီလို့ ဆိုပါတယ်။

ဒီစာရင်းထဲမှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA အကြား တိုက်ပွဲတွေကနေ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး နိုဝင်ဘာလတုန်းက မင်းတပ်မြို့မှာလည်း အကူအညီ အနည်းငယ်သာ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှစ်လအတွင်း ထန်တလန်မြို့မှာ မြို့ခံလူတွေ အကုန်ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်းမှာ ဘုရား‌ကျောင်း အပါအဝင် အိမ်ပေါင်း ၅၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ ဒီဇင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အတွင်း မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ CDF တပ် တွေဟာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါး ရှိနေသလို မကွေးတိုင်းထဲမှာလည်း စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိတယ်လို့လည်း UNOCHA က ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။