လေကြောင်းအန္တရာယ်ကြောင့် ထန်တလန်မြို့က စာသင်ကျောင်း ၉၀ ကျော်ပိတ်

RFA Burmese
2023.01.17
လေကြောင်းအန္တရာယ်ကြောင့် ထန်တလန်မြို့က စာသင်ကျောင်း ၉၀ ကျော်ပိတ် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စာသင်ကျောင်းတစ်ကျောင်းအား ၂၀၁၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က ကြားကာလပညာရေး ကျောင်းပေါင်း ၉၅ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန (Public Administration, Education Department) က ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာ - အိန္ဒိယနယ်စပ်ဒေသ ချင်းပြည်နယ် ထန်တလန်မြို့နယ်က ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စာသင်ကျောင်းတွေကို ပိတ်လိုက်တာပါ။

CNF ဗဟိုဌာနချုပ်စခန်း၊ မိသားစုအိမ်ယာနဲ့ ပြင်ပလူနာဆောင်တွေကို ဇန်နဝါရီလ ၁၀ ရက်နေ့ညနေပိုင်းနဲ့ ၁၁ ရက်နေ့ ညနေပိုင်းတွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခံမှုအပြီး စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်တွေနဲ့ လေကြောင်းက တစ်ဆင့် စုံစမ်းထောက်လှမ်းမှုတွေ ဆက်လုပ်ခဲ့တာကြောင့် စာသင်ကျောင်းတွေကို ပိတ်လိုက်ရတာလို့ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ပြောပါတယ်။

စာသင်ကျောင်းတွေ ပိတ်ထားတဲ့ကာလအတွင်း ဒေသခံတွေအနေနဲ့ ကျောင်းဧရိယာမှာ လာရောက်ဆော့ကစားတာ၊ လူစုလူဝေးနဲ့ နေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်ထားတဲ့ စာသင်ကျောင်းတွေမှာ မတက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလပညာရေး ကျောင်းတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတစ်ဆင့် ဖွင့်လှစ်ထားတာပါ။

ထန်တလန်မြို့နယ်မှာ ကြားကာလပညာရေး ကျောင်းပေါင်း ကိုးဆယ့်ငါးကျောင်းရှိပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း တစ်သောင်းငါးထောင်ကျော် ပညာသင်ကြား နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။