AA နဲ့ တိုက်ပွဲတွေကြောင့် ကျောင်းပေါင်း ၂၀၀ ကျော် မဖွင့်နိုင်သေး
2019.06.07

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေ မသွားရဲတာ၊ ဝေးလံခေါင်သီတာကြောင့် ဆရာ၊ ဆရာမတွေ ပြောင်းရွှေ့တာကြောင့် ကျောင်းပေါင်း နှစ်ရာကျော်ဟာ ကျောင်းမဖွင့်လှစ်နိုင်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
လက်ရှိချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမ လုံးဝမရှိတဲ့ကျောင်းပေါင်း တစ်ရာကျော်နဲ့ ကျောင်းဆရာဆရာမ တစ်ယောက်ပဲရှိတဲ့ ကျောင်းပေါင်း ၉၀ ကျော်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
ဒါ့အပြင် ကျောင်းဆရာ၊ ဆရာမ နှစ်ယောက်လောက်ပဲရှိတဲ့ အလယ်တန်းကျောင်းတွေလည်း အများကြီးရှိပြီး ဆရာ၊ ဆရာမ ၄၀၀ ကျော်လိုအပ်နေတယ်လို့ ဦးစိုးထက်က ပြောပါတယ်။
ချင်းပြည်နယ်မှာ ဒေသခံ ဆရာ၊ ဆရာမထက် ပြည်မကလာတဲ့ ဆရာ၊ ဆရာမတွေများပြီး တစ်နှစ်ပြည့်ရင် ပြန်လည်ပြောင်းရွှေ့လို့ရတာကြောင့် ဒီနှစ်မှာ မူလတန်းအဆင့်မှာချည်း ဆရာမ ၂၀၀ ကျော် ပြောင်းရွှေ့သွားတယ်လု့ိ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပလက်ဝမြို့နယ်မှာ ကျောင်း ၅၀ နီးပါးဟာ ဆရာ၊ ဆရာမ မရှိတာကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ချင်းပြည်နယ်ဟာ တက္ကသိုလ်ဝန်ထမ်းအောင်စာရင်းမှာ အောက်ဆုံးအဆင့်မှာရှိပြီး ပလက်ဝမြို့နယ်ဟာ လေးရာခိုင်နှုန်းကျော်သာရှိပြီး ချင်းပြည်နယ်မှာ အောင်ချက်အနည်းဆုံးလို့ သိရပါတယ်။
ကျောင်းဖွင့်ရာသီရောက်ပေမယ့် ရခိုင်တပ်တော်နဲ့ အစိုးရတပ်တွေတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ရှိ မြိုနယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာတော့ ကျောင်းဆရာ၊ ဆရာမတွေမလာရဲတာ၊ ကျောင်းသားကျောင်းသူတွေက ထွက်ပြေးနေရာတာကြောင့် ရာနီချီတဲ့ စာသင်ကျောင်းတွေဟာ မဖွင့်လှစ်နိုင်သေးပါဘူး။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာဆိုရင် အခြေခံပညာအဆင့်ကျောင်းပေါင်း ၃၇၀ ကျော်ရှိပြီး ကျောင်းပေါင်း နှစ်ရာကျော်ဟာ ကျောင်းဆရာ၊ ဆရာမတွေ မရှိတာကြောင့် ပိတ်ထားရပါတယ်။
ပလက်ဝမြို့နယ်မှာကျောင်းတွေမဖွင့်လှစ်နိုင်သေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုရှိသူ ဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
“၃၇၄ ကျောင်းမှာ ဆရာ၊ ဆရာ မလုံးဝမရှိတဲ့ ကျောင်းက ၁၁၈ ကျောင်းရှိတယ်၊ ဆရာ၊ ဆရာမ တစ်ယောက်ပဲရှိတဲ့ကျောင်းက ၉၄ ကျောင်း၊ ကျောင်းဖွင့်လို့ မရဘဲဖြစ်နေတာ ၂၁၂ ကျောင်း၊ ကျနော်တို့မှာ AA နဲ့ တပ်မတော် တိုက်ပွဲတွေဖြစ်တယ်၊ တိုက်ပွဲတွေဖြစ်တဲ့အတွက် မနေရဲတာလည်းပါတယ်၊ နောက်ပြီးတော့ ချင်းပြည်နယ်မှာက တစ်နှစ်လောက်နေပြီးပြီဆိုရင် တရားဝင်ပြောင်းရွှေ့ခွင့်ရနေတယ် ဆိုတော့ အဝင်ကမရှိဘူး အထွက်ချည်းရှိနေတယ်”
အလားတူ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာ၊ လုံခြုံရေးအရေအနေကြောင့် ဆရာ၊ ဆရာမတွေ မလာရဲတာကြောင့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက ရာနဲ့ချီတဲ့ကျောင်းတွေလည်း မဖွင့်နိုင်သေးဘူးလို့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ကျောင်းသားတွေ ထွက်ပြေးနေရတာ၊လုံခြုံရေးအရ ဆရာ၊ ဆရာမတွေလည်း ပြန်သွားတာကြောင့် ကျောင်းတွေမဖွင့်နိုင်တာလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးဥက္ကဋ္ဌ ဦးရွှေဖော်စိန်က ပြောပါတယ်။
“အခုလောလောဆယ် ကျောင်းဖွင့်ချိန်မှာ ကျောင်းဖွင့်လို့မရတဲ့အခြေအနေရှိသလို ဆရာ၊ ဆရာမတွေကလည်း တာဝန်ကျတဲ့နေရာမှာ သွားပြီးတာဝန်ထမ်းဆောင်ဖို့ အားနည်းချက်တွေရှိနေလို့ လောလောဆယ်ကလေးတွေက စာမသင်ဖြစ်သေးဘူး၊ စာသင်ရမယ့်အစား သူတို့ရဲ့နေဖို့ထိုင်ဖို့ကိုတောင်မှ မနည်းကြိုးစားနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတို့မှာ နေလို့မဆန့်တာရယ် အဲဒီပြဿနာတွေရှိနေတယ်”
မြောက်ဦးမြိုနယ်မှာတော့ ကျောင်းသားတွေအားလုံး ကျောင်းတတ်နိုင်အောင် ဆောင်ရွက်ထားပြီး လက္ကာကျေးရွာစာသင်ကျောင်းတစ်ခုကိုပဲ ပိတ်ထားရတာလို့ မြောက်ဦးမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်သန်းက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ ရေဆိုးချောင်းတဝိုက်မှာရှိတဲ့ ကျေးရွာ ၁၈ ရွာလောက်ကတော့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာ၊ တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်နိုင်တာကြောင့် ကျောင်းတွေပြန်မဖွင့်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအခြေအနေအရ ကျောင်းမဖွင့်နိုင်သေးဘူးလို့ လယ်ခွင်ကျေးရွာ ကျောင်းအုပ်ဆရာ ဦးထွန်းကျော်မြင့်က ပြောပါတယ်။
“ကျနော်တို့ ရေဆိုးချောင်းဘက် ကျောက်တန်းရွာဘက်က ကျေးရွာ ၁၈ ရွာလောက်က ကျောင်းလုံးဝမတတ်ရသေးဘူး၊ ကျောင်းတွေမှာ ကျောင်းသားတွေ လက်ခံတာက အကုန်မဝင်သေးဘူး၊ တချို့ရွာတွေမှာ သုံးပုံတစ်ပုံလောက်ဝင်တယ်၊ ကျနော်ကျောင်းမှာ တဝက်လောက်ဝင်တယ်၊ ကျောင်းမဖွင့်ရင် ကျောင်းသားတွေအတွက် အခက်အခဲရှိတာပေါ့။ ဆရာဆရာမတွေအတွက်လည်း လုံခြုံမှုမရှိရင် ကျောင်းဖွင့်လို့မရဘူးလေ၊ တိုက်ပွဲတွေရပ်သွားမှ ကျောင်းဖွင့်လို့ရမှာ ဒါမှလည်းကလေးတွေ ကျောင်းတတ်လို့ရမှာ”
အလားတူ ဘူးသီးတောင်မြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကျေးရွာတချို့မှာ လုံခြုံရေးအခြေအနေကြောင့် ပြန်မဖွင့်နိုင်တဲ့ စာသင်ကျောင်းတွေရှိတယ်လို့ သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ ပိတ်ထားရတဲ့ကျောင်းတွေနဲ့ ပတ်သက်ပြီး ပညာရေးဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးမှူးတွေနဲ့ တွေ့ပြီးပြောရမှာဖြစ်ပါတယ်၊ အခုတော့ ကျနော်တို့ကလည်း စစ်တွေကပြန်ရောက်တာ တစ်ရက်လောက်ပဲရှိသေးတာကြောင့် မတွေ့ရသေးဘူး၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်”
ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးဌာနာကို ပိတ်ထားရတဲ့ ကျောင်းအရေအတွက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ပိတ်ထားရတဲ့ ကျောင်းအရေအတွက်နဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရထံ စာရင်းမရသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
“ ကျနော်လည်း သူတို့ဆီက သတင်းအချက်အလက်မရသေးဘူး၊ ကျနော်ခရီးထွက်နေလို့ သတင်းအချက်အလက်ရရင် ပြန်ပြောပေးပါမယ် ”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာ၊ လုံခြုံရေးအခြေအနေရ ဆရာ၊ ဆရာမတွေ မလာရဲတာ၊ ဒေသခံတွေထွက်ပြေးနေတာကြောင့် မြို့နယ် ခုနှစ်မြို့နယ်မှာ ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေက ကလေးတွေ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“အကယ်လို့ ဒီကန့်တွေကို စနစ်တကျစုပေါင်းလိုက်မယ်ဆိုရင် ကျနော်တို့ ခုနကပြောတဲ့ပညာရေးပေါ့နော်၊ လုံလုံခြုံခြုံနဲ့ ပညာသင်ရတဲ့အနေထား ဥပမာ ကျနော်တို့ အရင်တုန်းက ၁၀၈ ခု ကွဲနေတာကို ဘယ်လောက် တူရာတူရာကို စုနိုင်မလဲ၊ ဘယ်နေရာက အကောင်းဆုံးဖြစ်မလဲ၊ ဘယ်ကန့်နေရာကိုစုလိုက် အဲဒါမှ ကျနော်တို့ ကလေးတွေပညာသင်ကြားတဲ့နေရာမှာ ဒီအတွေ့အကြုံတွေဟာ ဒီမှာတင်မဟုတ်ပါဘူး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အလားတူဘဲကျောင်းဖွင့်ချိန်ပညာသင်ကြားရေး ကန့်တွေအများကြီး စုစည်းပြီးလုပ်ခဲ့တဲ့အတွေအကြုံတွေရှိပါတယ်၊ အဲအတိုင်းပဲ အခုဒီချိန်မှာလည်း အဲလိုမျိုးလုပ်ဖို့အတွက် တိုက်တွန်းနေပါတယ်၊ တိုက်တွန်းနေပေမယ့် ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာ အားနည်းနေတယ်လု့ိ သိရပါတယ်”
လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်တက်လာတဲ့ ရခိုင်ပြည်နယ်မှာ ဇွန်လဆန်း စာသင်ကျောင်းတွေပြန်ဖွင့်ချိန် ကျောင်းတက်ရမယ့် ကျောင်းသားကလေးသူငယ်တွေကို အရေးပေါ် ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ လတွေထဲမှာ ပိုမိုပြင်းထန်လာတဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA တို့ရဲ့ စစ်ရေးပဋိပက္ခအတွင်း ကလေးသူငယ်တွေဟာ တိုက်ရိုက်ပစ်မှတ်ထားခံရတာအပြင် မတော်တဆကျည်သင့်တာ၊ မြေမြှုပ်မိုင်းနဲ့ လက်လုပ်ဗုံးပေါက်ကွဲတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ စာသင်ကျောင်းတွေကို စစ်ရေးအတွက် အသုံးပြုနေတာတွေကြောင့်လည်း သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ အသက်အန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အထူးစိုးရိမ်နေတယ်လို့ ယူနီဆက်ဖ်အဖွဲ့က မေလ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။