မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ နေအိမ် ၇၀၀ ကျော် ပျက်စီး
2023.05.16

ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ အပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က ပြောပါတယ်။
မတူပီမြို့နယ်၊ မင်းတပ်မြိုနယ်၊ ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က နေအိမ်တွေ ပျက်စီးခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမန်ဟင်လျန်က RFA ကို ပြောပါတယ်။
"အခုလောလောဆယ်တော့ ၇၀၀ ရှိတယ်။ ကျွန်တော်တို့ အခု ရထားတဲ့ ကိန်းဂဏန်း တွေဟာ ဖုန်းဆက်လို့ရတဲ့ နေရာတွေက ဖြစ်ပါတယ်။ ထပ်တိုးနိုင်ဖို့တော့ရှိတယ်။ အဆိုးဆုံး မုန်တိုင်းဒဏ်ခံတာက မတူပီ မြို့နယ် ဖြစ်ပါတယ်"
ပျက်စီးမှုအများဆုံးက မုန်တိုင်းဝင်ရောက်ခဲ့တဲ့ မတူပီမြို့နယ်ဖြစ်ပါတယ်။ မတူပီမြို့နယ် ဖနိုင်ကျေးရွာက ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် နေအိမ် ၂၀၀ နီးပါး ပျက်စီးခဲ့ တဲ့အပြင် လိုင်လင်းပီမြို့မှာလည်း နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတူပီမြို့နယ်မှာ ရွာပေါင်း ရှစ်ရွာက နေအိမ် ၄၀၀ ကျော် ပျက်စီးခဲ့တာပါ။
မင်းတပ်မြို့နယ်၊ မအောင်းကျေးရွာမှာလည်း ဘုရားကျောင်းတစ်ကျောင်းအပါဝင် နေအိမ် ၃၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ မင်းတပ်ဘက်က ရွာတော်တော်များများက အိမ်တွေပျက်စီးတယ်။ လူကတော့ ထိခိုက်တာမရှိဘူး။ ဖုန်းလိုင်းလည်း ရွာမှာမရဘူးဆိုတော့ ဘာသတင်းမှ လည်း မကြားရဘူး။ ဖုန်းပြောချင်ရင် မိုင် ၃၀ ခန့်ဝေးတဲ့ တောင်ပေါ်သွားရတာ"
ချင်းပြည်နယ်က ထိခိုက်ပျက်စီးမှုတွေနဲ့ ကူညီကယ်ဆယ်ရေးကိစ္စတွေကို ပိုမိုသိရှိနိုင်ဖို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။