ချင်းမှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေ ကိုဗစ် စစ်ရမည်

ဆလိုင်းကေတီဟောက်ခိုင်
2020.10.08
checking-temperature-chin-gate-622.jpg ချင်းပြည်နယ် မြို့အဝင်ဂိတ်တစ်ခုမှာ အပူချိန်တိုင်းတာ စစ်ဆေးနေစဉ်
Photo: RFA

ချင်းပြည်နယ်၊ ဟားခါး၊ မင်းတပ်နဲ့ တီးတိန်မြို့နယ်အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို မနက်ဖန် အောက်တိုဘာ ၉ရက်နေ့က စတင်ပြီး အာခေါင်တို့ဖတ်ယူ စစ်ဆေးသွားဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလမှာ ကုန်စည်စီးဆင်းမှု မရပ်နားရအောင်နဲ့ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အခုကိုဗစ်ကာလက နည်းနည်းလေးပိုပြီးတော့ ဒုတိယလှိုင်းမှာ  ဖြစ်စဉ်တွေဖြစ်ပြီး သေဆုံးတာ လည်း များတယ်လေ။ ကျွန်တော်တို့ ချင်းပြည်နယ်၊  မြောက်ပိုင်း တီးတိန်မှာလည်း ကိုဗစ်ဖြစ်တဲ့လူ ရှိတယ်။ မင်းတပ်မှာဆို ၁၉  ယောက်ရှိတယ်။ ရှိတာတွေကို ကျန်တဲ့ဒေသတွေကနေ ကုန်စည်တွေ ကူးသန်းတဲ့အချိန်မှာ  ကုန်စည်စီးဆင်းတာလည်း မရပ်အောင်၊ နောက်လာတဲ့လူတွေလည်း ရောဂါရှိ  မရှိစစ်ဆေးဖို့ လိုအပ်လာတဲ့ အတွက် လုပ်တာပါ။ ကားကြီးကွင်းမှာတော့ ယာဉ်မောင်း  ရယ်၊ ယာဉ်နောက်လိုက်ရော မဖြစ်မနေ စစ်ရမှာ ပေါ့နော်။ ရောဂါကူးစက်ရင်  ထိန်းချုပ်ဖို့ အင်မတန်မှ ခက်ပါတယ်။”

ကုန်ကျစားရိတ်အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အာခေါင်တို့ဖတ်ယူ စစ်ဆေးနိုင်တာဟာ ဟားခါး၊ တီးတိန်နဲ့ မင်းတပ်မြို့တွေမှာသာ ပြုလုပ်မှာဖြစ်ပြီး ကျန်တဲ့ မြို့ရွာတွေမှာတော့ အပူချိန်တိုင်းတာ စစ်ဆေးခြင်းသာ ပြုလုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။