ထန်တလန်မြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်ဟောင်း နေအိမ်မှာ ဗုံးပေါက်ကွဲ

2021.08.12
ထန်တလန်မြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်ဟောင်း နေအိမ်မှာ ဗုံးပေါက်ကွဲ ချင်းပြည်နယ်‌ ထန်တလန်မြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ‌ဒေါက်တာမှုထန်ကို တွေ့ရစဉ်
Photo: Chin State USDP

ချင်းပြည်နယ်‌မြောက်ပိုင်း ထန်တလန်မြို့မှာ သြဂုတ်လ ၁၁ ရက် မနေ့ညပိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ‌ဒေါက်တာမှုထန်ရဲ့နေအိမ်မှာ ဗုံး‌ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ‌ဒေသခံတွေက ‌ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် နေအိမ်ပြတင်းအချို့ ပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ အခင်းဖြစ် နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ည ၈ နာရီလောက်မှာ ဒေါက်တာမှုထန်အိမ်မှာ ပေါက်ကွဲတာ။ ပြတင်းပေါက်မှန်တွေ ကွဲတယ်။ အိမ်အောက်ထပ်တော့ ပျက်စီးသွားတယ်။ လူက ထိခိုက်ဒဏ်ရာ ရတာမရှိဘူး”

ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့ လက်ချက်ဆိုတာနဲ့ ဘာကြောင့် ဖောက်ခွဲတယ်ဆိုတာကို ရှင်းရှင်းလင်း မသိရ သေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်အဖွဲ့ CDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့နယ်က ရွှေအောင်သာ ကျေးရွာမှာတော့ ဒီနေ့ မနက်ပိုင်းက လက်နက်ကြီးသံနဲ့ သေနတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့ထဲမှာလည်း သြဂုတ်လ ၁၁ ရက်နေ့ မနေ့ညပိုင်းနဲ့ သြဂုတ် ၁၂ ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးသံနဲ့ ‌သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သြဂုတ်လ ၉ ရက်နေ့က ဖလမ်းမြို့နယ်က လူနေအိမ်တွေဘက်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်လို့ ကိုယ်ဝန်‌ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို အေဂျီအသင်းတော်ရဲ့ သင်းအုပ်ဆရာ ဇနီးလည်း လက်နက်ကြီးအစ ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။