တရုတ်သံအမတ်ကြီး မဒေးကျွန်းကို လာရောက်လေ့လာ
2013.05.20

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
သံအမတ်ကြီးနဲ့အတူ အဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာပြီး မဒေးကျွန်းမှာရှိတဲ့ တရုတ်နိုင်ငံပိုင် CNPC ရုံးကနေတစ်ဆင့် ပြိန်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံ ၅၀ လောက်နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မဒေးကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ မဒေးကျွန်းကို သူကစိတ်ဝင်စားတယ်၊ မဒေးကျွန်းက ရေမြေရေခံကောင်းတယ်တဲ့၊ သူတို့ မဒေးကျွန်းကအရမ်းကို တိုးတက်လာမယ်ပေါ့၊ နောက်မှာ မဒေးကျွန်းဟာ တော်တော်လေး အဆင်ပြေလာမယ်ပေါ့ပြောတယ်၊ ကျနော်တို့ကမေးတယ်၊ မဒေးကျွန်းကို လာရင်းကိစ္စ ဘာကိစ္စလဲမေးတယ်၊ သူကဒီဟာမဖြေဘူးဗျ၊ မဒေးကျွန်းကို ရောက်ဖူးချင်လို့လာတာ ဒီလိုပုံစံမျိုးပြောတယ် "
သံအမတ်ကြီးရဲ့ အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့လက မဒေးကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ CNPC ရုံးရှေ့ ဆန္ဒပြတောင်းဆိုမှုတွေအပြီး ပထမဆုံးအကြိမ် လာရောက် လည်ပတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတွေအနေနဲ့ မဒေးကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေအတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က CNPC ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အခုလက်ရှိမှာ တောင်းဆိုချက်ထဲမှာပါဝင်တဲ့ ကျေးရွာချင်းဆက် မြေသားလမ်းတွေကို အစိုးရက စတင်ဖောက်လုပ်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။