ကိုးကန့်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မိသားစုဝင် သုံးဦးကို တရုတ်ဖမ်းဝရမ်းထုတ်

RFA Burmese
2023.11.12
ကိုးကန့်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မိသားစုဝင် သုံးဦးကို တရုတ်ဖမ်းဝရမ်းထုတ် တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou ပြည်သူ့လုံခြုံရေးဗျူရိုက နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားသူ လေးဦးကို တွေ့ရစဉ်။
Wenzhou Public Security Bureau

ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုးကန့်နိုင်ငံရေးသမား Ming Xuechang နဲ့ သူရဲ့မိသားစုဝင် သုံးဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

အသက် ၆၉ နှစ်အရွယ် Ming Xuechang အပါအဝင် သူရဲ့သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Ming Guoping၊ သမီးဖြစ်သူ Ming Julan နဲ့ Ming Zhenzhen တို့ကို တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou ပြည်သူ့လုံခြုံရေးဗျူရိုက နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာလို့ South China Morning Post သတင်းဌာနက ရေးပါတယ်။

သူတို့လေးဦးဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ငွေကြေးအမြောက်မြားလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေလို့ ဖမ်းဝရမ်းထုတ်တာလို့လည်း ပြောထားပါတယ်။

ဖမ်းဆီးရမိဖို့အတွက် သတင်းအချက်အလက်ပေးသူတွေကို တရုတ်ယွမ်ငွေငါးသိန်း (မြန်မာကျပ်ငွေ သိန်းနှစ်ထောင့်နှစ်ရာကျော်) အထိ ဆုချီးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) ရဲ့ အရာရှိနှစ်ဦးကို အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေမှာ အဓိကဦးဆောင်သူတွေထဲမှာပါတယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဆီးဝရမ်းထုတ်ထားပါတယ်။ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြီးနောက်တစ်ပတ်မပြည့်ခင်မှာပဲ စစ်ကောင်စီကလည်း အဲဒီ UWSA အရာရှိနှစ်ဦးကို အောက်တိုဘာ ၁၈ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ အွန်လိုင်းငွေလိမ်ဂိုဏ်တွေကိုနှိမ်နင်းနိုင်ဖို့ ဒီနှစ်ထဲမှာ အပြင်းအထန်ကြိုးစားနေပြီး မြန်မာနိုင်ငံတင်မကဘဲ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတွေက ဆက်စပ်သူတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းနိုင်ရေး တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရေးစင်တာ တစ်ခုကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထူထောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မြန်မာနိုင်ငံ မြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ရဲတပ်ဖွဲ့က ဆက်တိုက်ဆိုသလို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကနေ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား လေးထောင့်ခြောက်ရာကျော်ကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။