ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်ဘက် ပြန်လွှဲလိုက်ကြောင်း MNDAA ပြော
2024.02.06

ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်း အွန်လိုင်ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ (MNDAA) ကိုးကန့်တပ်ဖွဲ့က မနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။
သူတို့ကို လောက်ကိုင်မြို့ တရုတ် - မြန်မာနယ်စပ်မျဉ်း BP- 125 ကနေတစ်ဆင့် တရုတ်နိုင်ငံတာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာလို့ (MNDAA) က ဆိုပါတယ်။
လောက်ကိုင်မြို့ထဲမှာ အခုလဆန်းပိုင်းကစပြီး အွန်လိုင်ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက်ဆိုပြီး မြို့တွင်းနေရာတွေမှာ နေ့စဉ်လိုလို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ လောက်ကိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက နေ့တိုင်းပဲ စစ်ဆေးတယ်။ လူလည်း စစ်တယ်။ အိမ်ထဲတွေကိုလည်း စစ်တယ်။ ကျားဖြန့်လုပ်တဲ့ လူတွေလည်း အဖမ်းခံရတာရှိတယ်။ ခေါင်းဆောင်တွေလို့ ပြောတဲ့လူတွေ ကျန်နေတာလည်း အဖမ်းခံရတာရှိတယ်”
ဖေဖော်ဝါရီလ ၃ ရက်ကလည်း တုံချိန်ရပ်ကွက်နဲ့ စွမ်ဟော့ချိန်ရပ်ကွက်အတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တယ်လို သံသယရှိသူ ၃၆ ဦးကို MNDAA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒီရက်ပိုင်း ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေရဲ့ အခြေအနေ အသေးစိတ်ကိုသိရှိနိုင်ဖို့ (MNDAA) ပြောခွင့်ရသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။
ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ လက်နက်ခဲယမ်း ရောင်းဝယ်၊ ကိုင်ဆောင်သူတွေကို ဖမ်းဆီးရမိရေး (MNDAA) ဘက်က အခုလ ၁ ရက်နေ့ကစပြီး စစ်ဆင်ရေး တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာပါ။
ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဒေသခံအချို့ရဲ့ သတင်းပေးမှုကြောင့် ရေဖြန်းတဲ့ထရပ်ကားထဲကနေ လက်နက်ခဲယမ်းမျိုးစုံ ခြောက်ရာကျော် ဖမ်းဆီးရမိခဲ့တယ်လို့ (MNDAA) က အခုလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တရားဝင်နေထိုင်မယ့် နိုင်ငံခြားသားတွေအနေနဲ့ မှတ်ပုံတင်ဖို့နဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရဖို့ ဖေဖော်ဝါရီလ ၄ ရက်ကစ ဆောင်ရွက်ပေးနေပြီး အဲဒီနေ့မှာပဲ တရားဝင်နေထိုင်ဖို့ စာရင်းပေးထားတဲ့ နိုင်ငံခြားသား ၂၀၇ ဦးအထိ ရှိခဲ့တယ်လို့ (MNDAA) ဘက်က ထုတ်ပြန်ထားပါတယ်။