တာချီလိတ် အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၅၀ ကို ဖမ်းဆီး

RFA Burmese
2024.06.20
တာချီလိတ် အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၅၀ ကို ဖမ်းဆီး ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ၂၀၂၃ ခုနစ်၊ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့စဉ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဓာတ်ပုံ

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ အွန်လိုင်းလိမ်လည်မှု (ကျားဖျန့်) လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာ သတင်းမှာ ဇွန်လ ၁၉ ရက်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသား ၁၅၀ ထဲမှာ တရားခံပြေး ၁၄ ဦးလည်း ပါဝင်တယ်လို့ တရုတ်အစိုးရက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တာချီလိတ်က အွန်လိုင်းလိမ်လည်ရေး စခန်း ၁၀ ခုကို စစ်ကောင်စီက စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးမှုတွေဖြစ်ပြီးနောက် ကျားဖျန့်လုပ်ငန်းကြီးတချို့ ရပ်နားသွားပေမဲ့ အွန်လိုင်းဂိမ်းအမည်ခံ လောင်းကစားရုံတွေ နေရာတချို့မှာ ပြန်ပြီးလုပ်လာကြတယ်လို့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်ကတော့ နည်းတော့ နည်းသွားတယ်။ မရှိတော့တာတော့ မဟုတ်ဘူး ရှိသေးတယ်။ အခုနောက်ပိုင်း မြို့ပေါ်ရပ်ကွက်တချို့မှာ အွန်လိုင်းဂိမ်းတွေ ပြန်ပေါ်လာတယ်။ အကြီးတွေတော့ မဟုတ်ဘူး အသေးတွေပဲ။ ထိုင်းကလူတွေ ဝင်တာများပါတယ်”

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်မှာ ကျားဖျန့်လုပ်တဲ့ တရုတ်နိုင်ငံသား ခြောက်ဆယ်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရုတ်ဘက်လွှဲ ပေးခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းနီးပါး (၄၉,၀၀၀) ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။