တရုတ်နိုင်ငံ ကုန်စည်ပြပွဲသွားတဲ့ မြန်မာလုပ်ငန်းရှင် ၁၁ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.10.04
တရုတ်နိုင်ငံ ကုန်စည်ပြပွဲသွားတဲ့ မြန်မာလုပ်ငန်းရှင် ၁၁ ဦး ဖမ်းဆီးခံရ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ တစ်နေရာကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။
Photo: RFA

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်စည်ပြပွဲတစ်ခုကို သွားတက်တဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦး အောက်တိုဘာ ၁ ရက်နေ့က တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက် ရတယ်လို့ တရုတ်နယ်စပ်အခြေစိုက် မြန်မာလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်မှာလုပ်တဲ့ ကုန်စည်ပြပွဲကို ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့က လုပ်ငန်းရှင် ၃၀ ခန့် စက်တင်ဘာ ၃၀ ရက်ကစလို့ သွားတက်ခဲ့တာလို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာတော့ သူတို့တည်းခန်းရာ ဟိုတယ်ကို တရုတ် ရဲတပ်ဖွဲ့တွေ ရောက်လာပြီး လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်စပ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ကုန်စည်ပြပွဲမှာ ပထမ စက်တင်ဘာ ၃၀ ရက် နေ့က ဘာမှမဖြစ်ဘူး၊ ဒုတိယနေ့မှာ သူတို့တည်းနေတဲ့နေရာမှာ အဖမ်းခံရတာ။ လောက်ကိုင်က လုပ်ငန်းရှင်ကြီးတွေ၊ ပြောရရင် အတော်ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေ ပါသွားတယ်"

အဖမ်းခံရသူတွေထဲမှာ လောက်ကိုင်မြို့က အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဖူလီကုမ္ပဏီ ဒါရိုက်တာနဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူတွေပါ ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စ အသေးစိတ်သိရှိနိုင်ဖို့အတွက် လောက်ကိုင်မြို့ ကိုးကန့်ဒေသဦးစီးအဖွဲ့ရုံး တာဝန်ရှိသူနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် တို့ကို RFA က ဖုန်းဆက်မေးမြန်းရာမှာ အဲဒီကိစ္စ သူတို့ အတိအကျ မသိရသေးကြောင်းသာ တုံ့ပြန်ပါတယ်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးတွေကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်း ထားပေမယ့် အကြောင်းမပြန်ပါဘူး။

ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်အခြေစိုက် မဲခေါင်သတင်းမှာတော့ ကိုးကန့်ဒေသက မြန်မာနိုင်ငံသား ၁၁ ဦးကို အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ တရုတ်ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ကြောင်း အဖမ်းခံရသူတွေရဲ့ နာမည်အတိအကျနဲ့တကွ ဒီနေ့ ဖော်ပြထားပါတယ်။

အခုအဖမ်းခံရသူတွေဟာ နယ်စပ်ဒေသ ကုန်သည်ချင်း အလွတ်သဘောဖိတ်ကြားတဲ့ ကုန်စည်ပြပွဲကို သွားတက်ရင်း အဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ဘက်က ဒီလိုဖမ်းဆီးတာဟာ ကိုးကန့်ဒေသမှာ နာမည်ကြီးနေတဲ့ ကျားဖျန့် ခေါ် အင်တာနက် ငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ နယ်စပ်အခြေစိုက် လုပ်ငန်းရှင်တွေက ပြောပေမယ့် RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝနဲ့ မိုင်းလား ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ကြီးစိုးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ လူကုန်ကူးမှုတွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ ကာစီနိုလောင်းကစားတွေမှာ နာမည်ကြီးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၃၇၇ ဦး ကို ဖမ်းဆီးထားကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၈ ရက်နေ့က RFA ကို အတည်ပြုပြောဆိုထားပါတယ်။ အဲဒီလူတွေ လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

UWSA ၀ တပ်ဖွဲ့ကတော့ သူတို့ထိန်းချုပ်ရာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ကို စက်တင်ဘာလ ဆန်းပိုင်းမှာ ဖမ်းဆီးပြီး နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။