တရုတ်ဘဏ်တွေက ပိတ်ထားတဲ့ ဘဏ်စာရင်းတွေ ပြန်ဖွင့်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေ


2017.06.20
china-bank-discuss-620.jpg တရုတ်နိုင်ငံ ရွှေလီမြို့ ဒုတိယမြို့တော်ဝန် Mr. Li Tao နဲ့ မြန်မာနိုင်ငံက ဘဏ်ငွေစာရင်းပိတ်ခံရသူတွေ ဇွန်လ ၁၈ ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့စဉ်
Photo: Chinese Embassy in Myanmar FB

တရုတ်ဘဏ်တွေမှာ ပိတ်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်ငွေစာရင်းတွေကို အမြန်ဆုံးပြန်လည်ဖွင့် လှစ်ပေးနိုင်ဖို့ နှစ်နိုင်ငံဌာနဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရွှေလီဒုတိယမြို့တော်ဝန်နဲ့ တေ့ွဆုံရာမှာပါဝင်ခဲ့တဲ့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက တရား မဝင်ငွေကြေးကိစ္စတွေရှိနေတဲ့အတွက် ဘဏ်တွေမှာဖွင့်ထားတဲ့ အကောင့်တွေကို ပိတ်လိုက်တာဖြစ် ပြီး မြန်မာနိုင်ငံသားကုန်သည်တွေရဲ့ အကောင့်တွေလည်း ပါသွားတာဖြစ်တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။

"အင်တာနက်လောင်းကစားတွေပေါ့နော်၊ နောက်ငွေကြေးခဝါချတာတွေပေါ့၊ မူးယစ်ဆေးဝါးတွေပေါ့၊ တရားမဝင်ကုန်သွယ်မှုလို့ပြောတယ်၊ ကိုယ်တို့ကတော့ လက်မခံဘူးလို့ မူးယစ်လုပ်တဲ့သူ မူးယစ်ပေါ့နော် ၊ လောင်းကစားဆိုလည်း လောင်းကစားလုပ်တဲ့သူဖော်ထုတ်ဖမ်းပေါ့၊ သူနဲ့ဆက်နွယ်တာတွေဖမ်းပေါ့၊ ကျန်တဲ့မဆိုင်တဲ့သူတွေကိုတော့ ပြန်ဖွင့်ပေးပါလို့ပြောလိုက်တယ်၊ အမြန်ဆုံး အကြောင်းပြန်ပေးမယ် လို့တော့ပြောတယ်။’’

အခုလိုဘဏ်ငွေစာရင်းတွေကို ယာယီပိတ်လိုက်တာဟာ နှစ်နိုင်ငံ တရားဝင်နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေ ရဲ့ ရေရှည်အကျိုးစီးပွားနဲ့ တရုတ်-မြန်မာ ပုံမှန်နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ကြောင်း သံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုတွေကို တရုတ်နိုင်ငံ ရွှေလီမြို့က Agricultural Bank of China အပါအဝင် ဘဏ် ၃ ခုတို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေရာကနေ  ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် နေ့က မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို ယာယီပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

အွန်လိုင်းကနေ တရားမဝင်လောင်းကစားမှုတွေကို စစ်ဆေးဖို့ ရွှေလီမြို့ပေါ်က ဘဏ်အကောင့် ၃၄၉ ခု ကို တရုတ်အစိုးရက စစ်ဆေးနေတာဖြစ်ပါတယ်။

အဲဒီအထဲကမှ မြန်မာကုန်သည်တွေရဲ့ အကောင့် ၁၃၂ ခု ပါဝင်နေတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်ရာမှာ အခက်အခဲတွေ့နေရတာဖြစ်ပါတယ်။ ရွှေလီမြို့ ဒုတိယ မြို့တော်ဝန်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ မူဆယ် ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတို့နဲ့ တွေ့ဆုံရာမှာ အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးမယ်လို့ ရွှေလီ ဒုတိယမြို့တော်ဝန်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို ဘဏ်အကောင့်တွေ ပိတ်လိုက်တာကို အမြန်ဆုံးဖြေရှင်းလုပ်ဆောင်ပေးဖို့အတွက် တရုတ်နိုင်ငံ ပြည် ပရေးရာဌာန၊ တရုတ်နိုင်ငံရဲတပ်ဖွဲ့နဲ့ ဘဏ်တွေဆီကို စာပေးပို့ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။