အပိတ်ခံထားရတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဘဏ်ငွေစာရင်း အများစုကို ပြန်ဖွင့်ပေး


2017.06.24
china-bank-discuss-620.jpg တရုတ်နိုင်ငံ ရွှေလီမြို့ ဒုတိယမြို့တော်ဝန် Mr. Li Tao နဲ့ မြန်မာနိုင်ငံက ဘဏ်ငွေစာရင်းပိတ်ခံရသူတွေ ဇွန်လ ၁၈ ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့စဉ်
Photo: Chinese Embassy in Myanmar FB

တရုတ်ဘက်က ယာယီပိတ်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်ငွေစာရင်းအများစုကို မနေ့က ပြန်ဖွင့်ပေး လိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၂၁ ခုလောက်သာ စိစစ်ဆဲအဖြစ်ကျန်ရှိနေပြီး ကျန်တဲ့ ဘဏ်စာရင်းတွေ အားလုံးကို ဖွင့်ပေးလိုက်တာဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

"အတော်များများကတော့ ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ ကျနော်တို့ သိသလောက်ကတော့ ၂၁ ခုလောက်တော့ စိစစ်ဆဲလို့ သိရတယ်။ ကျန်တာတော့ အားလုံးဖွင့်ပေးလိုက်ပြီလို့ ပြောပါတယ်။ ဒီဖြစ်စဉ်က တောက်လျှောက်ညှိနေခဲ့တာပဲလေ။ တရုတ်သံရုံးနဲ့ရော မြေပြင်မှာရှိတဲ့ ရွှေလီအစိုးရနဲ့ရော ကျနော်တို့ တောက်လျှောက်ညှိနေပါတယ်။ ညှိနေလို့ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။"

ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို အမြန်ဆုံးဖွင့်ပေးဖို့အတွက် ညှိနှိုင်းနေပြီး တရုတ်ဘက် ကလည်း စိစစ်ပြီးအမြန်ဆုံးဖွင့်ပေးမှာဖြစ်ကြောင်း ပြောထားတယ်လို့ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

တရုတ်အစိုးရက အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်တဲ့ ငွေကြေးကိစ္စတွေအတွက် နယ်စပ်မှာရှိတဲ့ ဘဏ်တွေက ငွေစာရင်းတွေကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ပိတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပိတ်လိုက်ရာမှာ မြန်မာနိုင်ငံသားကုန်သည်တွေရဲ့ ဘဏ်စာရင်း ၁ဝဝ ကျော်ပါဝင်သွားတယ်လို့ အစိုးရက ထုတ်ပြန်ထားပေမယ့် ကုန်သည်တွေကတော့ ၁ဝဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။

အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့အတွက် ကုန်သည်တွေနဲ့ ငွေလဲလှယ်သူ ၂ဝဝ လောက်က ဇွန်လ ၂၃ ရက် မနက်ပိုင်းက မူဆယ်မြို့မှာ ဆန္ဒပြခဲ့ပြီး ညနေပိုင်းမှာ တရုတ်ဘက်က ဘဏ်စာရင်းတွေကို ပြန် ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။