တရုတ်ဘဏ်မှာ ငွေစာရင်းအပိတ်ခံရလို့ နယ်စပ်ကုန်သည်တွေ အခက်ကြုံ

ကံသာ
2020.06.09

တရုတ်-မြန်မာနယ်စပ်က ရွှေလီမှာရှိတဲ့  ကုန်သည်တွေ၊ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ တရုတ်ဘဏ်စာရင်းတွေ ပိတ်ခံနေရပြီး ငွေထုတ်ဖို့လာတဲ့သူတွေကိုလည်း တရုတ်ရဲက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ တရုတ် ဘက်ကို ငွေလွှဲမယ့် မြန်မာကုန်သည်တွေ သတိထားဖို့၊  သေချာမေးမြန်းစုံစမ်းပြီးမှ ငွေလွှဲဖို့ နယ်စပ်မှာရှိတဲ့ ကုန်သည်တွေက ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့ကစတင်ပြီး တရုတ်ဘဏ်တွေက နယ်စပ်က မြန်မာကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေ စိစစ်တာ မသင်္ကာတဲ့အကောင့်တွေကိုပိတ်တာတွေ တရုတ်အစိုးရက လုပ်လာနေပါတယ်။

အဲဒီနေ့မှာပဲ တရုတ်နယ်စပ် ရွှေလီ ဝှဖုန်းဈေးမှာ ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ဆယ်ယောက် ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွှေလီမှာရှိတဲ့ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းမှာလည်း တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်နဲ့ ရွှေလီမှာရှိတဲ့ တရုတ်ဘဏ်မှာ ငွေစာရင်းဖွင့်ထားတဲ့ ကုန်သည်တွေရဲ့ ဘဏ်စာရင်း်တွေ ပိတ်ခံရပြီး ငွေလွှဲထုတ်ယူတဲ့သူတွေကို တရုတ်ရဲက ခေါ်ယူစစ်ဆေးတာ ခံနေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

အွန်လိုင်း လောင်းကစားနဲ့ ငွေကြေးလိမ်လည်ပြီး ပစ္စည်းရောင်းချမှုတွေကရတဲ့ငွေတွေ နယ်စပ်တရုတ်ဘဏ်တွေ ကနေ ဝင်ထွက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလိုဖမ်းဆီးတာ ငွေအကောင့်ပိတ်တာတွေ လုပ်ဆောင်တာလို့ သိရကြောင်း ကုန်သည်က ပြောပါတယ်။

မြန်မာကုန်သည်တွေရဲ့ ငွေစာရင်းတွေ ပိတ်ခံရတာရှိနိုင်ပြီး အရေအတွက်တော့ အတိအကျ မသိရသေးဘူးလို့ ရွှေလီမှာရှိတဲ့ ငွေစာရင်းပိတ်ခံရသူတွေကို ကူညီပေးနေတဲ့ ကုန်သည်အမျိုးသမီးက ပြောပါတယ်။

တရုတ်နယ်စပ်မှာနေထိုင်တဲ့ မြန်မာကုန်သည်တွေ  အရောင်းအဝယ်လုပ်တာတွေမှာ အဆင်ပြေစေဖို့အတွက် တရုတ်ဘဏ်တွေမှာ ငွေစာရင်းဖွင့်ထားကြရပါတယ်။

အများစုကတော့ လယ်ယာစိုက်ပျိုးရေးဘဏ်မှာ အကောင့်ဖွင့်တာများတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ တရုတ်ရဲ့ ငွေကြေးခိုင်မာမှုရှိပြီး အွန်လိုင်းဘဏ်စနစ်တွေကောင်းလို့ အလုပ်လုပ်ရတာမှာ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မက ကုန်သည်တွေ မှာယူတဲ့ကုန်ပစ္စည်းတွေကို နယ်စပ်မှာငွေစာရင်းဖွင့်ထားတဲ့ကုန်သည်တွေက ကြားခံဝယ်ယူပို့ဆောင်ပေးကြပါတယ်။

အထူးသဖြင့် အထည်အလိပ်တွေ၊ စက်ပစ္စည်းတွေနဲ့ လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းတွေ စားသောက်ကုန်တွေကို အဓိကမှာယူကြတာပါ။

ငွေစာရင်းတွေ ပိတ်ခံရတာကြောင့် ငွေလွှဲထားတဲ့ မြန်မာကုန်သည်တွေလည်း အခက်တွေ့နေကြတယ်လို့ ရွှေလီမြို့မှာ နေထိုင်တဲ့ ကုန်သည်တွေက RFA ကို ပြောပါတယ်။ ငွေမရောက်တဲ့အတွက် တရုတ်လုပ်ငန်းရှင် ဘက်က ပစ္စည်းမပို့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုန်သည်တွေ ငွေစာရင်းပိတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းတာမှာတော့ သူတို့အနေနဲ့ မသိရှိသေးသလို နစ်နာတဲ့ကုန်သည်တွေ ဘက်ကလည်း အကြောင်းကြားလာတာမရှိသေးဘူးလို့ ပြောပါတယ်။ ကုန်သည်တွေအနေနဲ့ နစ်နာမှုတွေရှိရင် အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။

မူဆယ် - နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းက အတွင်းရေးမှူး စိုင်းထွန်းကိုကိုကတော့ သူတို့အသင်းဝင် ထဲက ဘဏ်အကောင့်ပိတ်ခံရတဲ့ ကုမ္ပဏီတစ်ခုက  ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်ပြောကြားထားတာ ရှိတယ်လို့ ပြောပါတယ်။

ဒီနေ့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ သံရုံးတာဝန်ရှိသူ တစ်ယောက်က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကာလကြောင့် တရုတ်မြန်မာနယ်စပ် ဝင်ထွက်သွားလာမှုတွေကို ပိတ်ထားပါတယ်။

တရုတ်နယ်စပ်မှာ အလုပ်လုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ထွက်ခွာခွင့်ပြု ထားပေမယ့် နယ်စပ်ကုန်သွယ်ရေးမှာတော့ မန့်ဝိန်းနဲ့ ကျင်စန်းကျော့ဂိတ် ပေါက်တွေကနေပဲ တရုတ် ကားမောင်းသူ အစားထိုးဝင်ရောက်စနစ်နဲ့ ကုန်ဖလှယ်ခွင့်ပြုထားတာပါ။

လက်ရှိမှာ မြန်မာဘက်က ပို့ကုန်ထက် တရုတ်ဘက်ကနေ မြန်မာနိုင်ငံကိုတင်သွင်းတဲ့သွင်းကုန်က ပိုများနေတယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း တရုတ်အစိုးရဘက်က မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားတွေကနေ ရတဲ့ ငွေတွေကို နယ်စပ်တရုတ်ဘဏ်တွေက ငွေဖြူဖြစ်အောင် အသုံးပြုနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံ သား ကုန်သည်တွေ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ဘဏ်အကောင့် ရာနဲ့ချီပိတ်ခဲ့လို့ ကုန်သည်တွေ ဒုက္ခရောက် ခဲ့တာကြောင့် ပိတ်ထားတဲ့ငွေအကောင့်တွေပြန်ဖွင့်ပေးဖို့ မူဆယ်နယ်စပ်မှာ ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တရုတ်ဘက်က မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေကို ပြန်ဖွင့်ပေးခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။