မူဆယ်မှာ ပြန်ပေးဆွဲ၊ ဓားပြဂိုဏ်းနဲ့ ဆက်စပ်သူတွေ ဖမ်းမိကြောင်း ဒေသခံတွေ ပြော

RFA Burmese
2024.04.23
မူဆယ်မှာ ပြန်ပေးဆွဲ၊ ဓားပြဂိုဏ်းနဲ့ ဆက်စပ်သူတွေ ဖမ်းမိကြောင်း ဒေသခံတွေ ပြော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့အတွင်း ပြန်ပေးဆွဲ၊ ဓားပြတိုက်မှုတွေမှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူဆယ်မြို့က စစ်ကောင်စီတပ် အာဏာပိုင်တွေနဲ့ နီးစပ်သူနဲ့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့က မူဆယ်မြို့ မန်မိုင်ရွာဘက်ကိုသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ သူ့တို့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အများစုက အသက်နှစ်ဆယ်ဝန်းကျင်တွေ ဖြစ်တယ်လို့ ဒေသတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းမိတာ ဟုတ်တယ်ဗျ။ လူငယ်တွေ များတယ်။ စစ်တပ်ကတော့ ခေါ်သွားပြီး စစ်နေပြီ။ လောလောဆယ်တော့ ကိုးယောက်လို့ သတင်းရထားတယ်”

မူဆယ်မြို့က စစ်ကောင်စီတပ် အာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးကတော့ ဓားပြတိုက်သူတွေ ဖမ်းဆီးရမိတာ မှန်ကန်ပြီး ၁၇ ဦးလောက်ရှိတယ်လို့ RFA ကို ပြောပါတယ်။

“အခုက ရှုတ်နေတာဗျ။ ကိုးယောက် မကဘူး။ စုစုပေါင်း ၁၇ ယောက်လောက်ရှိတယ်။ အုပ်စုခွဲပြီး စစ်နေတုန်းပဲ။ အတိအကျတော့ ဘာမှမပြောနိုင်သေးဘူး”

ဖမ်းဆီးရမိသူ အရေအတွက် အတိအကျကို RFA အနေနဲ့ သီးခြားတည်ပြုနိုင်ခြင်း မရှိပါဘူး။

မူဆယ်မြို့မှာ မြို့ခံဆရာဝန်တွေ အပါအဝင် လုပ်ငန်းရှင်တွေနဲ့ ကလေးငယ်တွေ မကြာခဏပြန်ပေးဆွဲခံနေရပြီး တရုတ်ယွမ် သိန်းနဲ့ချီပေးပြီးမှ ရွေးယူနေရတာလို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့နေရာတွေမှာလည်း မကြာခဏ ဓားပြတိုက်ခံနေရတာလို့ ဆိုပါတယ်။

အရင်ကလည်း အခုလိုပဲ ဓားပြဂိုဏ်းတွေ ဖမ်းမိတာရှိပေမယ့် ပြန်ပေးဆွဲမှုတွေကတော့ လျော့မသွားဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခုလို ဖမ်းဆီးရမိတယ်ဆိုတဲ့အပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ နမ့်ခမ်းမြို့တွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က သိမ်းပိုက်ထားပြီး မူဆယ်မြို့တစ်ခုပဲ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။