တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်အားလုံး ပိတ်သွားလို့ နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်း

အေးအေးမွန် (အော်စလို)
2021.07.07

မြန်မာ-တရုတ်နယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ တိုးလာလို့ဆိုပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်တွေကို တစ်စတစ်စ ပိတ်လာရာကနေ ဇူလိုင်လ ၈ ရက် ဒီနေ့မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ မူဆယ် ဝမ်တိန်-ကျင်စန်းကျော့နဲ့ ဝမ်တိန်-ပန်ဆိုင်း ဂိတ်ပေါက်တွေကိုပါ တရုတ်နိုင်ငံဘက်က ပိတ်လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

အဲဒီဂိတ်တွေကို ဒီနေ့ နေ့လယ် တစ်နာရီမှာ ပိတ်လိုက်တာလို့လည်း မူဆယ်နယ်စပ် ကုန်ကားဂိတ်မှူး တစ်ဦးဖြစ်သူ ကိုမောင်မောင်က RFA ကို ပြောပါတယ်။

"ဝမ်တိန်-ပန်ဆိုင်းရယ်၊ ဒီဘက်က ကျွန်တော်တို့ ကျင်စန်းကျော့ အပေါက် နှစ်ပေါက်လုံးကို ပိတ်လိုက်တော့တာ။ အတွင်းထဲ ကားသမားတွေ ဝင်မရတာတော့ ကြာပြီဗျ။ ရှန်တိန်စနစ်နဲ့ပဲ ယာဉ်မောင်း အစားထိုးစနစ်နဲ့ပဲ မောင်းနေကြတာလေ။ ကားသမားတွေကတော့ အပြင်မှာပဲ နေခဲ့ရတာပေါ့။ အခုတော့ ကားတွေလည်း သွင်းမရတော့ အပြင်မှာပဲ ပိတ်မိနေတာပေါ့။ လွန်ခဲ့တဲ့ ၆ လပိုင်း ၉ ရက်၊ ၁၀ရက်နေ့က ၁၀၅ မိုင်မှာ ဂျူတီရတဲ့ ကားတွေတောင် အထဲကို ရောက်မလာသေးဘူး"

အခုလို နောက်ဆုံးကျန်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့အတွက် ကျင်စန်းကျော့မှာ ရှိနေတဲ့ ကုန်ကား ၁၃၀၀ ဝန်းကျင်လောက် ပိတ်မိနေတယ်လို့လည်း မူဆယ်နယ်စပ်က ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

trucks-china-border.jpg
(မူဆယ်ကနေ တရုတ်ကိုဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ကုန်ကားတွေကို ၂၀၂၁ နှစ်ဆန်းပိုင်းက တွေ့ရစဥ်)

အဲဒီကားတွေထဲမှာ ဆန်၊ ပဲ၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက် စတဲ့ ပို့ကုန် တင်ပို့မယ့်ကားတွေ ပါဝင်တယ်လို့ ပြောပါတယ်။

မြန်မာဘက်ခြမ်းက မူဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ များလာတာနဲ့ တရုတ်နိုင်ငံဘက်ခြမ်းက ဝမ်တိန်၊ ရွှေလီ၊ ကျယ်ဂေါင် နယ်စပ်မြို့တွေမှာလည်း ပိုးတွေ့လူနာ ရှိနေတာကြောင့် တရုတ်ဘက်က ဝမ်တိန်၊ ကျယ်ဂေါင်နဲ့ ရွှေလီမြို့တွေကို အချိန် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်မှု လော့ဒေါင်း လုပ်ထားပြီး ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါပေမဲ့ ဒီနေ့ပိတ်လိုက်တဲ့ ဂိတ်တွေဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုလည်း ကုန်သည်တွေအနေနဲ့ အတိအကျ မသိကြရသေးပါဘူး။

ဒီနေ့ နယ်စပ်ဂိတ် နှစ်ခုကို မပိတ်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းကပင် တရုတ်နိုင်ငံဘက်ခြမ်းက ပြည်မကြီးဘက်ကို သွားတဲ့လမ်းတွေကို ပိတ်ထားတာကြောင့် နယ်စပ်ကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ရောက်နှင့်နေတဲ့ ကုန်ကားတွေလည်း ပိတ်မိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

"မပိတ်ခင်လည်း ဆုံးရှုံးတာပဲ၊ ပိတ်လိုက်တော့လည်း ဆုံးရှုံးတာပဲ"

တရုတ်နိုင်ငံဘက်က ဂိတ်တွေကို ပိတ်မယ်ဆိုတာ ကြိုပြောတာ မရှိတဲ့အတွက် ရေထွက်ကုန် ပို့တဲ့သူတွေ အတွက် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးသန်းကျော်က ပြောပါတယ်။

"အကုန်လုံးပါပဲ မပိတ်ခင်လည်း ဆုံးရှုံးတာပဲ၊ ပိတ်လိုက်တော့လည်း ဆုံးရှုံးတာပဲ။ ဒီ ကျင်းစန်းကျော့နဲ့ ဟိုဟာ မပိတ်ခင်က နှစ်ရက်လောက်ရှိပြီ။ သူတို့ ရွှေလီထဲကနေ ပြည်မကြီးသွားတဲ့ လမ်းမကြီးတွေကို လော့ဒေါင်းချထားတာတွေ ရှိတယ်လေ။ ဒီဘက်က ပို့တဲ့ကုန်တွေကို ပြည်မထဲကို ပို့လို့မရဘူး။ ပြည်မထဲ ပို့လို့မရတော့ ကျွန်တော်တို့ ကျင်စန်းကျော့မှာပဲ ဒီလိုပဲ စောင့်နေရတာ။ အခုကတော့ ကျင်စန်းကျော့ရော ပိတ်လိုက်တော့ ကျွန်တော်တို့ မနေ့တုန်းက တက်သွားတဲ့ ကုန်တွေပေါ့နော်၊ အဲဒါတွေ အကုန်လုံးက ပြန်လှည့်ရမှာပေါ့ဗျာ။ အကုန်လုံးက အဲဒီလို ဖြစ်သွားတယ်"

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကိုဗစ်ကပ်ရောဂါ မပေါ်ခင်က အခုလို ငါးရှဉ့်ရာသီမှာ တရုတ်နိုင်ငံဘက်ကို တစ်ရက်ကို ငါးရှဉ့်တန်ချိန် ၅၀ နဲ့အထက် တင်ပို့နိုင်ပေမယ့် ကိုဗစ်ကပ်ရောဂါ ပေါ်လာပြီးနောက် တန်ချိန် ၄၀ လောက်သာ ပို့နိုင်တော့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလက်ရှိမှာတော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးကို ပိတ်လိုက်တဲ့အတွက် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမှာ ဖြစ်တယ်လို့လည်း ဦးသန်းကျော် က ပြောပါတယ်။

မြန်မာနဲ့ တရုတ်နယ်စပ် ကုန်ဖလှယ်တဲ့ ဂိတ်တွေဟာ မူဆယ်မှာ ငါးဂိတ်၊ ကချင်မှာ နှစ်ဂိတ်၊ ကိုးကန့်ဒေသမှာ နှစ်ဂိတ်၊ မုံးဂိုးမှာ တစ်ဂိတ် ရှိနေတာပါ။

တရုတ်မှာ ကိုဗစ် ပထမလှိုင်း စတင်ပြီးနောက် ၂၀၂၀ ဇန်နဝါရီကနေစပြီး မူဆယ်နယ်စပ်ကနေ တရုတ်ကို ဝင်တဲ့ နန်းတော်၊ ဆင်ဖြူ စတဲ့ဂိတ်တွေကို စတင်ပိတ်ခဲ့ပြီး မန့်ဝိန်း၊ ကျင်စန်းကျော့၊ ပန်ဆိုင်း စတဲ့ ကုန်တင်ကားဝင်တဲ့ ဂိတ်တွေကို ဖွင့်ထားခဲ့တာပါ။

အဲဒီနောက်ပိုင်း မူဆယ်-မန့်ဝိန်းဂိတ်ကို ထပ်မံပိတ်လိုက်သလို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း ကချင်နယ်စပ် လွယ်ဂျယ်ဂိတ်ကိုပါ ထပ်မံပိတ်လိုက်တာပါ။

ဒီကနေ့မှာတော့ နောက်ဆုံးကျန်နေတဲ့ ကျင်စန်းကျော့-ဝမ်တိန်ဂိတ်နဲ့ ပန်ဆိုင်း-ဝမ်တိမ် ဂိတ်နှစ်ဂိတ်ကိုပါ ထပ်မံပိတ်လိုက်တဲ့အတွက် မြန်မာ-တရုတ်နိုင်ငံ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်သွားတာလို့လည်း ကုန်သည်တွေက ပြောပါတယ်။

"ကုန်စည်စီးဆင်းမှုတွေက ရပ်တန့်လုနီးပါး ဖြစ်သွားတယ်"

မူဆယ် ဆန်စပါး ကုန်စည်ဒိုင်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းကတော့ ဂိတ်တွေအားလုံးကို တဖြည်းဖြည်း ပိတ်လာတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကပင် ကုန်သွယ်မှုတွေ ရပ်တန့်လုနီးပါးဖြစ်နေခဲ့တာလို့ ပြောပါတယ်။

"ကျွန်တော်တို့ မူဆယ်နဲ့ ကျင်စန်းကျော့-ဝမ်တိန်ဂိတ်က ခုနှစ်မိုင်နဲ့ သုံးဖာလုံပဲ ဝေးတယ်။ ကားအစီး ထောင့်နှစ်ရာကျော် ပိတ်မိနေတယ်။ ကုန်မျိုးစုံပေါ့။ ဆန်တို့၊ ဆန်ကွဲတို့၊ ပဲမျိုးစုံတို့၊ ကြက်သွန်တို့၊ ငရုတ်သီးတို့ အဲ့ကားတွေက လွန်ခဲ့တဲ့ တစ်လကျော်လောက်တည်းက ဒီဂိတ်ကပဲ ကားတွေက ပြုံဆင်းပြီး သွားရတဲ့အတွက် ခရီးမရောက်ဘူး။ ကားတစ်စီး အရင်တုန်းက လေးငါးရက် သွားရမယ့်လမ်းက အခု တစ်လကျော် ကြာနေတယ်။ ဒီအတွက် ကျွန်တော်တို့ ကုန်စည်စီးဆင်းမှုတွေက ရပ်တန့်လုနီးပါး ဖြစ်သွားတယ်"

ပြီးခဲ့တဲ့ ၂၀၁၉ မှာ တရုတ်နိုင်ငံကို တစ်နေ့ကို ဆန်နဲ့ ဆန်ကွဲအိတ်ရေ ခြောက်သောင်းလောက် ပို့နိုင်ပြီး မနှစ်ကအထိ မူဆယ် မန်ဝိန်းဂိတ် ဖွင့်တုန်းကဆိုရင် အိတ်ရေ လေးသောင်းလောက် ပို့နိုင်သေးတယ်လို့ ဆိုပါတယ်။

အခုလို နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်တွေကို ပိတ်လိုက်တာကြောင့် အခု ဇူလိုင်လဆန်းပိုင်းမှာ အရင်လတွေနဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်မှုနှုန်း ၈၀ ရာခိုင်းနှုန်းလောက် ထိုးကျခဲ့တယ်လို့လည်း ဦးမင်းသိန်းက ပြောပါတယ်။

ကိုးကန့်ဒေသနဲ့ ဆက်စပ်နေတဲ့ ချင်းရွှေဟော်-လောက်ကိုင်ဂိတ်တွေကိုတော့ အခု နှစ်ဆန်းပိုင်းလောက် ကတည်းက ကိုဗစ်ရောဂါကြောင့် ကန့်သတ်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းဟာ နေ့စဉ် ဆန်၊ ပဲတီစိမ်း၊ ရာဘာ၊ မြေပဲနဲ့ ရေထွက်ပစ္စည်းတင်တဲ့ ၁၂ ဘီးကား အစီးရေ နေ့စဉ် ၂၀၀ နဲ့ ၃၀၀ ကြား တရုတ်ဘက်ကို တင်ပို့ခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး အခုတော့ ကုန်သွယ်မှုတွေအားလုံး အခု နှစ်ဆန်းကတည်းက ရပ်ဆိုင်းနေခဲ့တာလို့ ချင်းရွှေနယ်စပ်ကနေ တရုတ်ကို ကုန်သွယ်နေတဲ့ ကုန်သည် မမိုးက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေး အခြေအနေနဲ့ ပတ်သက်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ် ကုန်သွယ်ရေးဇုန်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်သွယ်ရေးဇုန်တွေရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းလောက်အထိကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သည်တွေက ကုန်သွယ်မှုကျတယ်လို့ ဆိုနေကြပေမယ့် စစ်ကောင်စီရဲ့သတင်းစာတွေမှာ ဖော်ပြချက် အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ သုံးဘီလီယံ အထိ ရှိခဲ့ပြီး အရင်နှစ်ထက် ပို့ကုန်တန်ဖိုး ပိုလာတယ်လို့ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။