ကမ္ဘာ့ တရုတ်ကုန်သည်ကြီးများ ညီလာခံ ကျင်းပ
2017.09.16

ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ရိုးသားဖြောင့်မတ်မှုဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးတဲ့ အရင်းအနှီးသယံဇာတဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ (၁၄) ကြိမ်မြောက် ကမ္ဘာ့တရုတ်ကုန်သည်ကြီးများ ညီလာခံမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးကိုလွတ်လွတ်လပ်လပ်နဲ့ လွယ်လွယ်ကူကူ ရင်းနှီးမြှုပ်နှံလို့ရမှသာ နိင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အဲဒီညီလာခံမှာ "မြန်မာနိုင်ငံအနာဂတ်လှပဖို့ အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်-မြန်မာ ကုန်သည်တွေ ဆွေးနွေးခဲ့ကြပါတယ်။
၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံကို မြန်မာနိုင်ငံမှာ ဒါ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး မနက်ပိုင်းမှာ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ MCC မှာ ဖွင့်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနား ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ပြီး အခုလိုညီလာခံ ကျင်းပခွင့်ရရှိတာဟာ တရုတ် -မြန်မာ နှစ်နိုင်အကြား ပိုမိုချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တရုတ်ကုန်သည်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးမှာ ကျယ်ကျယ်ပြန်ပြန့် ဝင်ရောက်ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေအတွက် ငွေကျပ်သိန်း ၅၀၀ ကို ဒုတိယသမ္မတ ဦးမြင့်ဆွေထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မနက်ပိုင်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ တရုတ်နိုင်ငံ ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးချုပ်၊ တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ ဥက္ကဌ၊ တရုတ်ကုန်သည်လုပ်ငန်းရှင် ၃ ထောင်ခန့့် တက်ရောက်ခဲ့ပါတယ်။