မြန်မာလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ကြဖို့ တရုတ် တောင်းဆို
2018.05.19
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တံ့နိုင်ရေးအတွက် တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက တောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ချက်ချင်းအပစ်အခပ်ရပ်ကြဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း တရုတ်နိုင်ငံသား ၃ ဦးသေဆုံးရတဲ့ တိုက်ခိုက်မှုတွေအပြီးမှာ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း ပစ်ခပ်မှုတွေကြောင့် ဒုံးကျည်သုံးစင်းနဲ့အတူ ကျည်ဆန်အများအပြားလည်း တရုတ်မြေပေါ်ကို ကျရောက်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်ကို သောကြာနေ့က Weibo လူမှုရေးကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တရုတ်-မြန်မာ နယ်ခြားဒေသကို အာရုံထားစောင့်ကြည့်နေပြီး လုံခြုံရေးအနေအထားကိုလည်း မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့မေလ ၁၈ ရက်နေ့ကလည်း တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် သံတမန်တစ်ဦးဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေကို ကူမင်းမြို့ကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။