အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း

RFA Burmese
2023.05.03
အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီကို တရုတ်တိုက်တွန်း ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း။
AFP

အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာနယ်စပ်က ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တိုက်တွန်းလိုက်ပါတယ်။

မေ ၂ ရက်က စတင်တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုက်တွန်းခဲ့တာလို့ တရုတ်အစိုးရပိုင် CGTN သတင်းဌာနက မနေ့က ဖော်ပြတာဖြစ်ပြီး မြန်မာနယ်စပ်ဒေသတွေဟာ အွန်လိုင်းကနေ လိမ်လည်တဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းတွေရဲ့အခြေချရာနေရာ ဖြစ်လာတာကို ထောက်ပြတယ်လို့ဆိုပါတယ်။

ဒါဟာ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အကြီးအကျယ်ထိပါးပြီး တရုတ်ပြည်သူတွေကလည်း စက်ဆုပ်ရွံရှာကြတယ်လို့ သူက ပြောခဲ့ပါတယ်။

ဒါကို တရုတ်အစိုးရက အထူးအရေးကြီးတယ်လို့ သတ်မှတ်ထားပြီး ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းနှိမ်နင်းနိုင်အောင် သက်ဆိုင်ရာဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာဘက်က လက်တွေ့ကျကျလုပ်ဆောင်ဖို့ တရုတ်က အလေးအနက်ထားတိုက်တွန်းခဲ့ပါတယ်။

ဒီနည်းနဲ့ ငွေကြေးလိမ်လည်ခံရတဲ့ တရုတ်နိုင်ငံသားတွေကို အချိန်မီကယ်တင်ပါလို့လည်း ပြောပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေနဲ့ နယ်စပ်ဒေသက တခြားတရားမဝင် ကိစ္စရပ်တွေကို တိုက်ဖျက်ဖို့ တရုတ်နိုင်ငံက ဥပဒေတင်းကျပ်ရေးနဲ့ လုံခြုံရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့အကြောင်း မြန်မာစစ်ကောင်စီဘက်က ပြောကြားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။