တရုတ်နိုင်ငံသား တစ်သောင်းနီးပါးကို စစ်ကောင်စီ လွှဲပြောင်း

RFA Burmese
2023.11.28
တရုတ်နိုင်ငံသား တစ်သောင်းနီးပါးကို စစ်ကောင်စီ လွှဲပြောင်း နယ်စပ်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသားများအား စစ်ကောင်စီဘက်မှ တရုတ်နိုင်ငံသို့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က လွှဲပြောင်းခဲ့စဉ်။
Myanmar Military

မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား တစ်သောင်းနီးပါးကို တစ်လအတွင်း တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ တရုတ်နိုင်ငံသား အမျိုးသား ရှစ်ထောင်ကျော် (၈၈၂၃) ဦး၊ အမျိုးသမီးတစ်ထောင်ကျော် (၁၀၈၅) ဦး ၊ စုစုပေါင်း (၉၉၀၈) ဦးကို လွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက… နယ်စပ်မှာရှိတဲ့ တရားမဝင်နေထိုင်နေသူတွေကို တရုတ်နိုင်ငံက တာဝန်ရှိသူတွေဆီ ပြန်အပ်နှံတာဖြစ်ပြီး မြန်မာနဲ့တရုတ်ဟာ မဟာဗျူဟာအရ မိတ်ဖက်နိုင်ငံတွေ ဖြစ်သလို နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ခုအကြား ခိုင်မာတဲ့ ရင်းနှီးမှုရှိတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက စစ်သင်္ဘောတွေ ရန်ကုန်ကို စရောက်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းမှာတင် တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၅၃ ဦးကို တရုတ်နိုင်ငံကို ပြန်လွှဲခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ တရုတ်နိုင်ငံဘက်က စိုးရိမ်နေချိန်မှာပဲ မြန်မာနိုင်ငံမှာ စစ်ရေးလေ့ကျင့်ဖို့ဆိုပြီး တရုတ်စစ်သင်္ဘောသုံးစင်းဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရန်ကုန်သီလဝါဆိပ်ကမ်းကို စစ်အင်အား ခုနှစ်ရာနီးပါးနဲ့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီဟာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခါ တရုတ်နဲ့မြန်မာအကြား လူမျိုးရေးအမုန်းပွားအောင် ဖန်တီးနေတဲ့အတွက် သတိရှိကြဖို့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ အပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တရုတ်အစိုးရဘက်က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။