ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် မစိုးရိမ်ဖို့ တရုတ်ကောင်စစ်ဝန်ပြော
2020.02.11
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်လာပါပြီ၊ ဒါပေမဲ့ မန္တလေးမှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ကတော့ မန္တလေးသားတွေ မစိုးရိမ်ကြဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမရှိဘဲ ကူးစက်ခံရမှုကလည်း လျော့ကျလာတာကြောင့် တရုတ်အများအပြားနေထိုင်တဲ့ မန္တလေးမြို့ခံတွေအနေနဲ့လည်း စိုးရိမ်စရာမလိုကြောင်း ယာယီတရုတ်ကောင်စစ်ဝန်ချုပ် လီလီပဲ Ms Li Libei က ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ လုပ်ဆောင်ထားတဲ့ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းတွေအကြောင်းနဲ့ တာဝန်ယူဆောင်ရွက်နေတဲ့လုပ်ငန်းတွေအကြောင်းနဲ့ ပွင့်လင်းမြင်သာစွာဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အကြောင်းကို မန္တလေးမြို့ သတင်းစာရှင်းပွဲမှာဆိုပါတယ်။
"မြန်မာနဲ့အနီးဆုံးက ယူနန်ပါ၊ ဒါကိုတော့ သိမှာပါ။ မန္တလေးအခြေနေကိုမပြောခင် ယူနန်ကိုပြောချင်ပါတယ်။ အခုရက်ပိုင်း ယူနန်ရဲ့ အခြေနေက အနည်းဆုံးဖြစ်ပြီး ကျဆင်းနေပါတယ်။ ယူနန်မှာတောင်မဖြစ်ဘဲနဲ့ မန္တလေးက အဲလောက်ဖြစ်စရာအကြောင်းမရှိပါဘူး၊ ယူနန်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၇ ရက်အတွင်း ရောဂါကုသလို့ပျောက်တာ တက်တဲ့အနေအထားမှာ တွေ့ရတယ်။ မနေ့ကအထိဆို ၁၉ ဦး ပျောက်တာတွေ့ရပါတယ်။ ယူနန်မှာသေဆုံးတဲ့သူ မရှိသေးပါဘူး၊ ယူနန်ရဲ့အခြေအနေကိုကြည့်ပြီး နှိုင်းယှဉ်လို့ရပါတယ်။"
တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ထုတ်ပြန်ချက်အရ ဒီနေ့အထိ ယူနန်မှာ ရောဂါပိုးကူးစက်ခံရသူက ၁၅၄ ယောက် ရှိပါတယ်။
တရုတ်ကောင်စစ်ဝင်က ကိုရိုနာဗိုင်းရပ်စ်ပိုးကို စိုးရိမ်စရာမရှိကြောင်းပြောပေမယ့် သူ့နိုင်ငံအတွင်းမှာဆိုရင် သေဆုံးသူတစ်ထောင်ကျော်နဲ့ ရောဂါဖြစ်ပွားသူ လေးသောင်းနှစ်ထောင်ကျော် ရှိလာပြီဖြစ်ပါတယ်။ အများစုက ဝူဟမ်မှာ သေဆုံးတာပါ။
ပြည်ထောင်စုကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကတော့ ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ သူ့အနေနဲ့ တရုတ်နယ်စပ်ဂိတ်ပေါက်တွေကို စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
"လေဆိပ်မှာဝင်လာတဲ့သူက နည်းနည်းလေးပါ၊ ကျွန်တော်တို့ ဆိုက်ရောက်ဗီဇာ ပိတ်လိုက်တဲ့အတွက် အများကြီး ပဲ ကျသွားတယ်၊ သို့သော်လည်း ကျွန်တော်တို့ စိုးရိမ်နေတာက ဘာလဲဆိုရင် ကုန်းလမ်းမှာ တရားဝင် ဝင်ပေါက်က ၂၇ ပေါက်ရှိပါတယ်၊ ဒီနေရာက သိန်းနဲ့ချီပြီးဝင်ပါတယ်၊ အခုနောက်ပိုင်းမှာတော့ သောင်းနဲ့ချီပြီးပဲ ဝင်တော့တယ် ဒါတွေကို ကျွန်တော်တို့ ထိန်းချုပ်ရမယ်၊ ထိန်းချုပ်တယ်ဆိုတာ နယ်စပ်မှာ ကျန်းမာရေးဝန်ကြီးဌာနက လုပ်လို့ မရပါဘူး၊ နယ်စပ်မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ လုပ်ရပါမယ်၊ ဒါကို ကျွန်တော်တို့ မလျော့ပါဘူး၊ နယ်စပ်မှာ အားဖြည့်လုပ်နေပါတယ်၊ အပူချိန်တိုင်းတဲ့ ပစ္စည်းတွေလည်းပို့နေ ပါတယ်"
လတ်တလောမှာတော့ ဝူဟန်မြို့မှာ ပညာရှင်တွေအခြေစိုက်ပြီး ကုသရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး ဆေးကုသရေးဝန်ထမ်းပေါင်း ခြောက်သောင်းကျော်က ရှေ့တန်းမှာကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့ဆိုပါတယ်။
နောက်ထပ် အထူးကုသရေးဆေးရုံ နှစ်ရုံ အမြန်တည်ဆောက်ပြီး ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေတဲ့သူတွေကို လက်ခံကုသပေးနေသလို နောက်ထပ် ဆေးရုံနှစ်ခုလည်း ထပ်ဆောက်နေတယ်လို့လည်း သူက ပြောပါတယ်။
"အလေးပေးတယ်လို့ပြောချင်ပါတယ်။ တာဝန်ယူတဲ့အပိုင်းမှာဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကော်မတီတွေ ဖွဲ့စည်းပြီး တိုက်ပွဲတွေဝင်ခဲ့ပါတယ်။ရောဂါပိုးတွေ မပြန့်ပွားတဲ့အချိန်မှာဆိုရင် အစိုးရဌာနအသီးသီးရဲ့ အဓိက တာဝန်ကတော့ စီးပွားရေးဖွံဖြိုးတိုးတက်အောင်လုပ်တာပါပဲ၊ ဒါပေမဲ့ အခုဒီလိုမျိုးရောဂါပိုးတွေ ပြန့်ပွားလာတဲ့ အခါ အနည်းငယ်ပြုပြင်လိုက်ပါတယ်။ စီးပွားရေးတွေ အသာထားပြီး အဓိကတာဝန်ယူရမယ့်အချက်က ရောဂါ ပိုးတွေ မပြန်ပွားအောင် ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့အချက်ကို အဓိကတာဝန်အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။"
တရုတ်သမ္မတရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံက အကြီးအကဲတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ရှစ်ခုကနေလည်း တရုတ်ခေါင်းဆောင်တွေရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်းနဲ့ ထပ်တူဝမ်းနည်းရတယ်ဆိုတဲ့ စာလွှာတွေ ပေးပို့ထားတယ်လို့ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက သိရပါတယ်။