အုတ်တံတိုင်းခတ်ဖို့ တရုတ်က မြေတူးထားတဲ့နေရာ ဒေသခံတွေ မြေပြန်ဖို့
2018.09.23

မြန်မာ- တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ဖိုင်ကောင်းကျေးရွာအုပ်စု မန်ကျယ်ရွာ နယ်စပ်က မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ တရုတ်နိုင်ငံက အုတ်တံတိုင်းကာဖို့ လမ်းကိုဖျက်ပြီး မြေတူးထားတဲ့နေရာကို တရုတ်နိုင်ငံဘက်က ကုန်သည်တွေနဲ့ မြန်မာနိုင်ငံဘက်က ဒေသခံတွေက သွားလာရေးအဆင်ပြေအောင် ဒီနေ့ မြေတွေပြန်ဖို့ခဲ့ကြပါတယ်။
အဲဒီနယ်စပ်လမ်းကနေ နှစ်နိုင်ငံကုန်စည်တွေကို တရားမဝင် သယ်ဆောင်တာတွေရှိနေတာကြောင့် လမ်းကိုဖျက်ပြီး အုတ်တံတိုင်းခတ်ဖို့ ကြိုးစားလာတာလို့ တရုတ်ဘက်ပြောဆိုသံတွေလည်း ကြားရပါတယ်။
ဖိုင်ကောင်းကျေးရွာအုပ်စုနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဟာ နယ်စပ်အနီး တရုတ်ဘက်ခြမ်းမှာရှိတဲ့ ဝမ်တိမ်မြို့ဈေးမှာ ဈေးရောင်းဈေးဝယ်လုပ်နေတာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
အဲဒီလို ကုန်ပစ္စည်းတွေ သယ်ဆောင်သွားလာရာမှာ အသုံးပြုတဲ့လမ်းကို ဖျက်ပြီး တရုတ်က အုတ်တံတိုင်းခတ်ဖို့ ကြိုးစားလာတဲ့ နေရာဟာ မြန်မာနိုင်ငံပိုင်နက်ထဲမှာ ဖြစ်နေတာကြောင့် မြန်မာဘက်ခြမ်းက ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေက ကန်ကွက်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒါကြောင့် လတ်တလောမှာ အုတ်တံတိုင်းခတ်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းကို ရပ်နားထားတာတွေ့ရပြီး ဒေသခံတွေက သွားလာရေးအဆင်ပြေစေဖို့အတွက် လမ်းကိုမြေပြန်ဖို့ခဲ့ကြဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံ နယ်နိမိတ်ထဲအထိ ဝင်ရောက်ပြီး တရုတ်နိုင်ငံက အုတ်တံတိုင်းခတ်ဖို့ ကြိုးစားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။