တရုတ် မြေတူးခဲ့တဲ့နေရာ မြန်မာ မြေပြန်ဖို့


2018.09.24
china-digging-622.jpg မြန်မာဘက်အခြမ်းမှာ တရုတ်က အုတ်တံတိုင်းခတ်ဖို့ မြေတူးထားတာကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

မြန်မာ- တရုတ်နယ်စပ် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ဖိုင်ကောင်းကျေးရွာအုပ်စု မန်ကျယ်ရွာနယ်စပ်က မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ တရုတ်နိုင်ငံက အုတ်တံတိုင်းကာဖို့ လမ်းကိုဖျက်ပြီး မြေတူးထားတဲ့နေရာကို တရုတ်နိုင်ငံဘက်က ကုန်သည်တွေနဲ့ မြန်မာနိုင်ငံဘက်က ဒေသခံတွေက သွားလာရေးအဆင်ပြေအောင် မြေတွေပြန်ဖို့ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့က တရုတ်ဘက်က မြန်မာနယ်နိမိတ်အတွင်း ပေ ၁၀၀ လောက်ကျူးကျော်ပြီး နယ်ခြား ခြံစည်းရိုးသစ်ထူထောင်ဖို့ အားထုတ်ခဲ့ရာမှာ၊ မြန်မာဘက်က ဒေသခံလူအင်အား တထောင်လောက် သွားရောက် တားမြစ်ခဲ့ကြတာပါ။ အဲဒီမှာ တရုတ်ဘက်က ဒီကိစ္စတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့ ပြောဆိုပြီး၊ သူတို့ထူထောင် ထားတဲ့ သံမဏိတိုင်တွေနဲ့ သံဆူးကြိုးတွေကို ပြန်လည်ဖြုတ်ယူသွားခဲ့ကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဖိုင်ဇောင်ခမ်း က ပြောပါတယ်။

အဲဒီဒေသမှာ ၂၀၀၈ ခုနှစ်ကစလို့ တရုတ် မြန်မာ နယ်စပ်ပြဿနာ စတင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနယ်စပ်လမ်းကနေ နှစ်နိုင်ငံကုန်စည်တွေကို တရားမဝင် သယ်ဆောင်တာတွေရှိနေတာကြောင့် လမ်းကိုဖျက်ပြီး အုတ်တံတိုင်းခတ်ဖို့ ကြိုးစားတာလို့ တရုတ်ဘက်က ပြောဆိုသံတွေလည်း ကြားရပါတယ်။

အဲဒီလို ကုန်ပစ္စည်းတွေ သယ်ဆောင်သွားလာရာမှာ အသုံးပြုတဲ့လမ်းကို ဖျက်ပြီး တရုတ်က အုတ်တံတိုင်း ခတ်ဖို့ ကြိုးစားလာတဲ့နေရာဟာ မြန်မာနိုင်ငံပိုင်နက်ထဲမှာ ဖြစ်နေတာကြောင့် မြန်မာဘက်ခြမ်းက ဒေသခံတွေနဲ့ ဌာန ဆိုင်ရာတွေက ကန်ကွက်ခဲ့ကြတာပါ။

အဲဒါကြောင့် လတ်တလောမှာ အုတ်တံတိုင်းခတ်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်းကို ရပ်နားထားတာတွေ့ရပြီး ဒေသခံတွေက သွားလာရေးအဆင်ပြေစေဖို့အတွက် လမ်းကို မြေပြန်ဖို့ခဲ့ကြဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံ နယ်နိမိတ်ထဲအထိ ဝင်ရောက်ပြီး တရုတ်နိုင်ငံက အုတ်တံတိုင်းခတ်ဖို့ ကြိုးစားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ဖိုင်ကောင်းကျေးရွာအုပ်စုနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေဟာ နယ်စပ်အနီး တရုတ်ဘက်ခြမ်းမှာရှိတဲ့ ဝမ်တိန်မြို့ဈေးမှာ ဈေးရောင်းဈေးဝယ်လုပ်နေတာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။