မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့ တရုတ်အားပေးမည်

2021.11.16
မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့ တရုတ်အားပေးမည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကို ၂ဝ၂ဝ ခုနှစ် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။
File Photo: AFP

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်မှုတွေ ပြန်ရှိစေရေးကို ကူညီဖို့ တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်း အဝန်းနဲ့အတူလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တဲ့အကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်ဟာ မြန်မာနဲ့ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာ့နိုင်ငံရေးပြဿနာအဖြေရှာရေးမှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်ရေးကို အခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကနေ အားပေးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ် Mr.Sun Guoxiang ဟာ မြန်မာနိုင်ငံမှာ အခုရောက်နေပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ရောက်လာတာဖြစ်ပြီး ဒါဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။ အခုခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့လည်း Mr. Sun Guoxiang တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးမှာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ် နိုင်ငံက တက်တက်ကြွကြွအားပေးထောက်ခံသွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijianက ပြောခဲ့ပါတယ်။

အခုလကုန်ပိုင်းမှာ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲရှိပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာဘက်က ခေါင်းဆောင်ကို တက်ခွင့်ပေး မပေး မသိရသေးပါဘူး။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာကို အာဆီယံအသင်းက တက်ခွင့်မပေးခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။