တရုတ်-မြန်မာချစ်ကြည်ရေး ပျက်ပြားမှာမဟုတ်ကြောင်း တရုတ်ပြော

RFA Burmese
2023.11.29
တရုတ်-မြန်မာချစ်ကြည်ရေး ပျက်ပြားမှာမဟုတ်ကြောင်း တရုတ်ပြော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Reuters

တရုတ်-မြန်မာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲအောင်နဲ့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်မခံနိုင်သလို အောင်မြင်မှာလည်း မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အေပီ သတင်းထောက်က မေးမြန်းတာကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်း (Wang Wenbin) က ပြန်လည်ဖြေကြားတာပါ။

ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်တာကို တရုတ် အစိုးရက အားပေးတယ်လို့ စစ်ကောင်စီကို ထောက်ခံသူတွေက ပြောကြားပြီး ဒီသဘောတရားအရ တရုတ်နိုင်ငံကို ဆန္ဒတောင်ပြပါတယ်လို့ အေပီက မေးခွန်းကို အစပျိုးပါတယ်။

တရုတ်နိုင်ငံက ခွင့်ပြုမှသာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်တာမို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံက ထောက်ခံတာရှိ မရှိ မေးမြန်းပါတယ်။

အဲဒီမေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်းက ပြန်လည်ဖြေကြားရာမှာ တရုတ်နဲ့ မြန်မာဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်လေးစားတဲ့အကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးဖို့ မျှော်လင့်ပါကြောင်းနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာ ထောက်ခံပါကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။