ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေး အဆင့်သုံးဆင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော


2017.11.19
dassk-china-foreign-minister-622.jpg တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရမှာ အဆင့်သုံးဆင့် စီမံကိန်းရှိကြောင်း တရုတ်နိုင် ငံခြားရေး ဝန်ကြီးဝမ်ယိ က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံအပြီး၊ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဝမ်ယိ က ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ပါဝင်ကူညီလိုကြောင်း ပြောဆိုထားတဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ယိ က အဆင့်သုံးဆင့် စီမံကိန်း နဲ့ ဆောင်ရွက်မယ်လို့ဆိုပါတယ်။

ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲပြီး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့ ဖြစ် ပါတယ်။ ဒါမှသာ ဒေသခံတွေ ပြေးလွှားမနေရဘဲ အေးအေးချမ်းချမ်းနေထိုင်နိုင်မှာဖြစ်ပါတယ်၊

ဒုတိယအဆင့်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့ တန်းတူညီမျှမှုအပေါ် အခြေခံပြီး၊ ဆွေးနွေးညှိနှိုင်းမှုက တဆင့် ပြဿနာအဖြေရှာကြရေးကို ဝိုင်းဝန်းအားပေးကြဖို့ဖြစ်ပါတယ်။

တတိယအဆင့်မှာ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီကြဖို့ ဖြစ် ပါတယ်။ ရခိုင်ပြည်နယ်ဟာ သဘာ၀ သယံဇာတပေါကြွယ်ဝပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု အားနည်းချို့တဲ့နေတာကြောင့်၊ ဆင်းရဲမွဲတေမှု ကိုတိုက်ဖျက်တဲ့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရခု်င်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုကြဖို့လိုကြောင်း၊ ဒီအပိုင်းမှာ တရုတ်ပြည်က ပါဝင်ကူညီလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ပြော ပါတယ်။

ဝမ်ယီ ဟာ ဒီနေ့ နေပြည်တော်မှာ ကျင်းပမယ့် အာရှ - ဥရောပဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာနိုင်ငံကို မလာရောက်ခင် ဘင်္ဂလားဒေရှ့်ကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး၊ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်ပြဿနာအပေါ် ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒုက္ခသည်တွေ ထပ်ရောက်မလာအောင် တိုက်ခိုက်တာတွေ ရပ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းဖို့ မြန်မာဘက် ကို ပြောဆိုထားကြောင်းလည်း ဝမ်ယီ က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။