တရုတ်အစိုးရထောက်ပံ့ စာသင်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်


2017.06.07

တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ်အရ တရုတ်အစိုးရက မြန်မာနိုင်ငံမှာ စာသင်ကျောင်းဆောင်သစ်တွေ ဖွင့်လှစ်ပေးနေရာမှာ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့က ရန်ကုန်မြို့ အနောက်မြောက်ပိုင်းမှာ ၁၁ ခု မြောက် ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်က အမှတ် ၉ အထက်တန်းကျောင်းဝင်းအတွင်းမှာ ဖွင့်လှစ်ခဲ့တာပါ။ အဲဒီကျောင်းဆောင်အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း နှစ်သောင်း သုံးစွဲခဲ့ပြီး၊ ကျောင်းသူကျောင်းသား ၇၀၀ ကျော် ဆန့်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ ဒီနှစ် ၂၀၁၇ နှစ်ကုန်ပိုင်းအထိ စာသင်ကျောင်းပေါင်း ၂၀ မှာ၊ ကျောင်းဆောင်သစ်တွေ ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။ ပထမဆုံးကျောင်းဆောင်သစ်ဖွင့်ပွဲကို ပဲခူးတိုင်း၊ ရွှေကျင်မြို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့ပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ်မှာ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးထောက်ပံ့မှုလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ သယံဇာတနဲ့ စွမ်းအင် ထုတ်ယူရေး စီမံကိန်းကြီးတွေ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အစိုးရကုမ္ပဏီကြီးတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး၊ ဒေသခံတွေ နစ်နာနေရတာကြောင့် ပြည်တွင်းမကျေနပ်မှုနဲ့ နိုင်ငံတကာ ဝေဖန်မှုတွေတိုးပွားလာနေရာမှာ၊ တရုတ်ကုမ္ပဏီတွေဘက်က ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ စတင်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။