တရုတ်အစိုးရမူဝါဒ မြန်မာပြည်သူအားလုံးအတွက်လို့ တရုတ်သံအမတ်ကြီးပြော
2023.06.09

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တချို့ကို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၃ နှစ်ပြည့်တဲ့ ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မြန်မာနိုင်ငံဖက်က ပြည်ထောင်စုဝန်ကြီး ၁ဝ ဦးတက်ရောက်ပြီး တရုတ်နိုင်ငံဖက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Chen Hai တက်ရောက်ပါတယ်။
တရုတ်သံအမတ်ကြီးက ... "တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက်ဖြစ်သလို သူတို့နိုင်ငံရဲ့ အကူအညီတွေဟာလည်း မြန်မာပြည်သူတွေရဲ့ဘဝတွေ တိုးတက်ကောင်းမွန်ရေးအတွက် ဖြစ်တယ်"လို့ ပြောဆိုကြောင်း သတင်းမှာဖော်ပြထားပါတယ်။
တရုတ်အစိုးရလှူဒါန်းလိုက်တဲ့ သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပထမအသုတ်အဖြစ် ဇွန်လ ၁၂ ရက်နေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။
အဲဒီအခမ်းအနားကိုတက်ရောက်တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက... "တရုတ်နဲ့ မြန်မာနိုင်ငံအကြား တောတောင်ရေမြေတွေဆက်စပ်နေပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကလည်း နက်ရှိုင်းလှပါတယ်၊ မိမိတို့နိုင်ငံ နှစ်ခုအကြား သံတမန်ဆက်ဆံရေးစတင်ချိန်ကစပြီး အခုအချိန်အထိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက်နဲ့အညီ တစ်ဦးနဲ့တစ်ဦး အစဉ်တစိုက် လေးစားစွာ၊ မျှမျှတတနဲ့ တန်းတူရည်တူရှိစွာ ထာဝရ ဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကျိုးတူကိစ္စတွေကိုအတူတကွ ဆောင်ရွက်ခဲ့ကြသလို နိုင်ငံတကာစင်မြင့်မှာလည်း တစ်ဦးကိုတစ်ဦးက အပြန်အလှန်ဖေးမကူညီခဲ့ကြပါတယ်"လို့ ပြောခဲ့ပါတယ်။
တဆက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရက်ရက်ရောရောလှူဒါန်းမှုတွေဟာ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို နိုင်ငံနှစ်ခု အတူတကွ လက်တွဲရင်ဆိုင်ကျော်လွှားနေမှုကို ဖော်ပြနေတာဖြစ်တယ်၊ တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ ကမ္ဘာတစ်ဝန်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အဆိုပြုချက်တွေကိုလည်း သူတို့စစ်ကောင်စီက အပြည့်အဝ အခိုင်အမာ ထောက်ခံကြောင်း ဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့တယ်လို့ ဆင်ဝှာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကတော့ "တရုတ်အစိုးရဟာ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အာဏာရသူတွေနဲ့ပဲပူးပေါင်းပြီး သူတို့ အကျိုးစီးပွားအတွက် တစ်လျှောက်လုံးဆက်ဆံခဲ့တာပါ၊ မြန်မာပြည်သူတွေရဲ့သဘောထားနဲ့ အကျိုးစီးပွားကို ဘယ်တုန်းကမှလေးစားခဲ့ခြင်း မရှိပါဘူး"လို့ ဝေဖန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနဲ့ တရုတ်အကြား အစဉ်တစိုက် မျှမျှတတနဲ့ တန်းတူရည်တူ ဆက်ဆံရေးရှိခဲ့ပါတယ်လို့ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဦးသန်းစိုးနိုင်က မြန်မာ့သမိုင်းမှာ တရုတ်နိုင်ငံဟာ မည်သည့်အခါကမှ အဲဒီလို မျှမျှတတနဲ့ တန်းတူရည်တူ ဆက်ဆံခဲ့ခြင်း မရှိပါဘူး၊ စစ်ကောင်စီဝန်ကြီးဟာ တရုတ်အစိုးရအလိုကျ ပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်လို့ ဝေဖန်ပါတယ်။
အခု လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ တရုတ်ပြည်က မြန်မာနိုင်ငံကို ကိုဗစ် ၁၉ ကာကွယ်ဆေး သုံးသန်းလှူဒါန်းမှု၊ လန်ကန် မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မြန်မာနိုင်ငံဆိုင်ရာ အထူးရန်ပုံငွေ စီမံကိန်းသဘောတူညီချက်တွေ၊ မန္တလေးစက်မှု နည်းပညာကောလိပ်အတွက် သင်တန်းပို့ချမှုနဲ့ အောင်ဆန်းအားကစားကွင်းကို တရုတ်နိုင်ငံ အကူအညီနဲ့ ပြန်လည်တည်ဆောက်ရေးစတဲ့ စီမံချက်တွေပါဝင်တယ်လို့ ဆင်ဝှာသတင်းမှာ ဖော်ပြထားပါတယ်။